မဲခေါင်၊ နိုဝင်ဘာ ၁၆
ရှမ်းပြည်တောင်ပိုင်းနှင့် ကရင်နီနယ်စပ်၊ မိုးဗြဲ၊ ဖယ်ခုံမြို့နယ်၊ အရှေ့ခြမ်း အနာက်ခြမ်းများ၌ တော်လှန်ရေးတပ်များနှင့် စစ်ကောင်စီ၊ PNO-ပြည်သူ့စစ်ပူးပေါင်းတပ်တို့ စစ်ရေးပြင်းထန်နေကြောင်း မြေပြင်သတင်းအရင်းအမြစ်များထံမှ သိရသည်။
ယမန်နေ့ နိုဝင်ဘာ ၁၅ ရက် မွန်းလွဲ ၂ နာရီ၁၀ မိနစ်ခန့်တွင် ဖယ်ခုံအင်းအရှေ့ဘက်ခြမ်း၊ နောင်လိုင်ရွာကို စစ်ကောင် စီက Y – 12 စစ်ထောက်ပို့ ဗုံးကြဲလေယာဉ်တစ်စင်းဖြင့် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်သွားခဲ့ပြီး မြေပြင်တပ်များကလည်း ရွာထဲရှိ ပြည်သူ့အိုးအိမ်များကို လုယက်ယူငင် ဖျက်ဆီးမှုများရှိခဲ့ကြောင်း တော်လှန်ရေးတပ်သတင်း ရင်းမြစ်များထံမှ သိရသည်။
“ဒီတစ်ခါတော့ မီးရှို့တာမရှိဘူး။ ဒါပေမယ့် အိမ်တွေထဲကို သူတို့လိုတာတွေ အကုန်ယူပြီး မလိုတာတွေကို သုံးမရ အောင်ကိုဖျက်ဆီးပစ်ခဲ့တာ။ ဓားပြသူခိုးလုပ်ရပ်ထက်ဆိုးတယ်” ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက မဲခေါင်သို့ ပြောသည်။
အလားတူ နိုဝင်ဘာ ၁၄ ရက် နံနက် ၅ နာရီခန့်တွင် ဖယ်ခုံမြို့အနောက်ခြမ်း၊ ခေါင်းအီရပ်တော်မူ သရက်ခြံအနီး၌ ခမရ – ၄၂၇ လှုပ်ရှားစစ်ကြောင်းနှင့် တော်လှန်ရေးတပ်များ အပြင်းအထန် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ၎င်းက ပြောသည်။
ယင်းတိုက်ပွဲများအတွင်း တော်လှန်ရေးတပ်များဘက်မှ MB – PDF၊ PK – PDF၊ KNDF.B – 11 ပျားစစ်ကြောင်းနှင့် KNA အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြရာ PNO ဘက်မှ ဗိုလ်မှူးအဆင့် ၂ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရသွားသကဲ့သို့ တော်လှန်ရေးဘက်မှလည်း ဒုတပ်စိတ်မှူးတစ်ဦး ကျဆုံးခဲ့ကြောင်း သိရသည်။
ထို့နောက် စစ်ကောင်စီဘက်မှ Y – 12 လေယာဥ်ဖြင့် ပစ်ကူပေးခဲ့ပြီ တောင်စလုံးရွာအနီးသို့လည်း ဗုံးကြဲသကဲ့သို့ အနောက်ပဒေါင်ရှိ လတိန်ကျေးရွာ အရှေ့မြောက်ဘက် ကယန်းပြည်သစ်ဂိတ်ဟောင်းသို့ လက်နက်ကြီးဖြင့် ပစ် ခတ်ခဲ့ကြောင်း သိရသည်။
အလားတူ မိုးဗြဲမြို့တွင်လည်း အကြမ်းဖက်စစ်အုပ်စုများ စစ်ကြောင်းထိုးလာသဖြင့် တိုက်ပွဲဖြစ်ပွားနေပြီး ခုခံကာ ကွယ်ရင်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြသည့် ဒေသခံတော်လှန်ရေးတပ်ဖွဲ့ဝင်အချို့ကို Mobye PDF Rescue Team အဖွဲ့မှ ကယ်ဆယ်ရေး ပြုလုပ်ခဲ့ကြောင်း ယင်းအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
စစ်ကောင်စီက ပြုလုပ်မည့် အတုအယောင် ရွေးကောက်ပွဲကို မဖြစ်မနေတားဆီးရန် ရှမ်းတောင် – ကရင်နီစစ်တိုင်း ဗျူဟာ – ၁၁ က နိုဝင်ဘာ ၁၄ ရက်တွင် ထုတ်ပြန်ထားပြီး မြေပြင်တွင်လည်း စစ်အုပ်စုကို အပြင်းအထန် ခုခံတိုက်ခိုက် တော်လှန်နေကြခြင်း ဖြစ်သည်။
#MeKongNews
#ရှမ်းတောင်
#ကရင်နီ
#တော်လှန်ရေးတပ်
#တိုက်ပွဲပြင်းထန်








