မဲခေါင် ၊ နိုဝင်ဘာ ၁၁
စစ်ကောင်စီကျင်းပမည့် အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်ကြောင်း မွန် – ခမာအုပ်စုဝင် “ဝ” ၊ တအာင်းနှင့် မွန် လူငယ်များက နိုဝင်ဘာလ ၁၁ ရက်တွင် ထုတ်ပြန်ကြေညာလိုက်သည်။
စစ်ကောင်စီကကျင်းပမည့် ရွေးကောက်ပွဲသည် ၎င်းတို့ကျူးလွန်ခဲ့သည့် စစ်ရာဇဝတ်မှုများအားလုံးကို ရှောင်ရှားရန် နှင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည်အသက်သွင်းရန် ရည်ရွယ်ထားပြီး ပြည်သူများလိုလားသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးနှင့် လုံးဝဆန့်ကျင်နေသောကြောင့် မွန် – ခမာအုပ်စုဝင် “ဝ”၊ တအာင်း၊ မွန်လူငယ်များအနေဖြင့် လုံးဝဆန့်ကျင်ကန့်ကွက်သည်ဟု ကြေညာချက်တွင်ဖော်ပြသည်။
ထို့ပြင် စစ်တပ်၏ သမိုင်းတလျောက် ကျင်းပပြုလုပ်ခဲ့သော ရွေးကောက်ပွဲတိုင်းသည် ၄င်းတို့၏အာဏာတည်မြဲရေး၊ တိုင်းရင်းသားအင်အားစုများ အချင်းချင်းကြား စည်းလုံးညီညွတ်မှုပျက်ပြားစေရေး၊ သွေးခွဲရေးနှင့် နိုင်ငံတကာအသိုင်းအဝန်းကို လှည့်စားကာ တရားဝင်မှုရရေး အတွက်သာ ဖြစ်သည်ဟု ဆိုသည်။
“ကျွန်မတို့ရပ်တည်ချက်၊ ခံယူချက်တွေအတွက် အဆုံးထိရပ်တည်ကြဖို့၊ အချင်းချင်း စည်းလုံးညီညွတ်ကြဖို့နဲ့ သွားချင်တဲ့ပန်းတိုင်ကိုရှင်းလင်းစွာ မြင်နိုင်ဖို့ အရေးကြီးပါပြီ။ စကမက သူ့အာဏာဆက်ထိန်းသိမ်းနိုင်ဖို့ ရွေးကောက်ပွဲပြုလုပ်ဖို့ကြိုးစားနေတယ်။ အဲဒီအပေါ် ကျွန်မတို့ တိုင်းရင်းသားတွေ သွေးကွဲတာ၊ စည်းလုံးမှုပျက်ပြားစေတာ စသဖြင့် ဖန်တီးနေတာတွေ အထူးသတိပြုရပါမယ်။ စကမကပြုလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲကိုလည်း ဆန့်ကျင်ကြဖို့၊ မပါဝင်ကြဖို့ အထူးမေတ္တာရပ်ခံ တိုက်တွန်းလိုပါတယ်” ဟု ထုတ်ပြန်ချက်နှင့် ပတ်သက်သည့် ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
မွန် – ခမာအုပ်စုဝင်”ဝ”၊ တအာင်း၊ မွန် လူငယ်များနှင့်အတူ တော်လှန်ရေးရဲဘော်များ၊ ပြည်သူများ၊ တိုင်းရင်းသား လူမျိုးစုများအားလုံးစည်းလုံးညီညွတ်မှုကလည်း ကြီးမားသည့် အင်အားတစ်ခုဖြစ်သောကြောင့် အဆုံးထိတိုက်ပွဲ ဝင်ကြရန်လည်း ၎င်းကဆက်ပြောသည်။
စစ်ကောင်စီရွေးကောက်ပွဲတွင် ပါဝင်ခြင်းဝန်းရံခြင်းသည် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး မျှော်မှန်းချက်ကိုဆန့်ကျင်ရာရောက်သဖြင့် နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ အရပ်ဖက်အဖွဲ့အစည်းအစည်းများ၊ နိုင်ငံရေးသမားများအားလုံး ပူးပေါင်းပါဝင်မှုမပြုလုပ်ကြရန်လည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တရုတ်အစိုးရအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် စစ်ကောင်စီရွေးကောက်ပွဲအား နည်းပညာအရ ပံ့ပိုးကူညီပေးခြင်း၊ စောင့်ကြည့်လေ့လာခြင်း၊ ပူးပေါင်းပါဝင်ခြင်း၊ အသိအမှတ်ပြုခြင်း အပါအဝင် အခြားသောနိုင်ငံရေး၊ စီးပွားရေး၊ သံတမန်ရေးအရ ပံ့ပိုးဆောင်ရွက်မှုများ မလုပ်ဆောင်ကြရန်လည်း ယင်းအဖွဲ့က တိုက်တွန်းထားသည်။
မွန်-ခမာအုပ်စုဝင် ညီအစ်ကိုများဖြစ်သည့် မွန်၊ တအာင်း၊ “ဝ” တို့အနေဖြင့် အတိတ်သမိုင်းကို သင်ခန်းစာယူကာ ပြည်နယ်အားကောင်းရေးမှသည် ပြည်ထောင်စုအားကောင်းရေး ချဉ်းကပ်မှုအခြေခံမူကို လက်ကိုင်ထားပြီး ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝမရှိသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးရည်မှန်းချက်အောက်တွင် စစ်အာဏာရှင် သက်ဆိုးရှည်စေမည့် မည်သည့်လုပ်ရပ်မျိုးကိုမဆို ဆန့်ကျင်တော်လှန်သွားမည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
#MeKongNews
#မွန်-ခမာအုပ်စု
#စစ်ကောင်စီ
#အတုအယောင်ရွေးကောက်ပွဲ
#ဆန့်ကျင်ကန့်ကွက်








