မဲခေါင်၊ နိုဝင်ဘာ ၁၀
ပါတီဝင်ပါက စစ်မှုထမ်းဥပဒေမှ ကင်းလွတ်ခွင့်ရရှိမည်ဟုဆိုကာ ကြံ့ခိုင်ရေးပါတီ – USDP နှင့် ပြည်သူ့ရှေ့ဆောင်ပါတီ- PPP တို့က ရှမ်းပြည်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် လူငယ်များအား လိုက်လံစည်းရုံးနေကြောင်း ဒေသခံများထံမှ သိရသည်။
ယင်းပါတီများသည် ပြီးခဲ့သည့်ရက်ပိုင်းတွင် ပင်းတယမြို့နယ်မြောက်ပိုင်းရှိ ထိုးပုံ၊ အင်းလုံ၊ တံတားကြီး၊ ရွှေပုထိုး၊ ရေဖြူ စသည့်ကျေးရွာများတွင် ကျေးရွာအုပ်ချုပ်ရေးမှူးများမှတဆင့် လူငယ်များအား ပါတီဝင်သစ်အဖြစ် စည်းရုံးခိုင်းခဲ့ကြောင်း ဒေသခံများက ပြောသည်။
“အုပ်ချုပ်ရေးမှူးက အိမ်အထိလာပြီး စည်းရုံးပေးတယ်။ ပါတီဖက်ကလည်း သူ့တို့ကိုပိုက်ဆံတွေ လာပေးထားတယ်။ သူတို့ပါတီဝင်ရင် စစ်မှုထမ်း ကင်းလွတ်ခွင့်ပေးမယ်ဆိုပြီး လာပြောတယ်။ ရွာကသားရှိ တဲ့အိမ်ရဲ့ မိဘတွေကတော့ သူတို့သား စစ်မှုထမ်းရမှာစိုးလို့ ပါတီကိုဝင်ခိုင်းတာတွေ ရှိတယ်။ အခုနှစ် မဲစည်းရုံးတာက တစ်ခြားနှစ်နဲ့မတူဘူး ဒီလိုနည်းနဲ့ လာစည်းရုံးတော့ တော်တော်အံ့ဩနေတာ”ဟု ဒေသ ခံတစ်ဦးက မဲခေါင်သို့ ပြောသည်။
စစ်ကောင်စီက အသက်သွင်းခဲ့သည့် ပြည်သူ့စစ်မှုထမ်းဥပဒေတွင် နိုင်ငံရေးပါတီတစ်ခုခုသို့ ဝင်ရောက်ခြင်းဖြင့် စစ်မှုထမ်းတာဝန်မှကင်းလွတ်ခွင့်ပြုသည်ဟူသော အချက်မပါဝင်ဘဲ ယခုကဲ့သို့စည်းရုံးမှုများမှာ ပြည်သူလူထု၏ စိုးရိမ်မှုကို အခွင့်ကောင်းယူ၍ ပါတီအင်အားတိုးချဲ့ရန်လုပ်နေကြောင်း ဒေသခံများကပြောသည်။
ထို့ပြင်ပင်းတယမြို့နယ်၌ စစ်မှုထမ်းရန် မဲပေါက်သည့်လူငယ်များကို စစ်ကောင်စီက ဖမ်ဆီးပြီး ငွေဖြင့်လာရွေးခိုင်းခြင်းမျိုး မကြာခဏပြုလုပ်လျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။
စစ်မှုထမ်းရန်မဲပေါက်ပြီး ဖမ်းဆီးခေါ်ဆောင်ခံရသည့် လူငယ်အများစုသည် ဆင်းရဲချို့တဲ့သည့် မိသားစုများမှဖြစ်ကြပြီး ၎င်းတို့၏ သားသမီးများ စစ်မှုမထမ်းရရေးအတွက် ရှိစုမဲ့စုပိုင်ဆိုင်မှုများကို ပေါင်နှံခြင်း၊ အတိုးဖြင့်ငွေချေးခြင်းများ ပြုလုပ်ကာ စစ်ကောင်စီအာဏာပိုင်များ တောင်းခံသည့် ငွေပေး၍ ပြန်လည်ရွေး ယူနေရကြောင်း သိရသည်။
#MeKongNews
#ရှမ်းတောင်
#ပင်းတယ
#နိုင်ငံရေးပါတီ
#စစ်မှုထမ်း








