မဲခေါင်၊ နိုဝင်ဘာ ၉
နိုဝင်ဘာ ၇ ရက်နေ့က ကျားဖြန့်တိုက်ဖျက်ရေးပူးပေါင်းအဖွဲ့ ဖွဲ့စည်းမှုစာချုပ်ပွဲ၌ ထိုင်းဝန်ကြီးချုပ် အနုတင်ကို မီဒီယာအမေးအဖြေကဏ္ဍ၌ မီဒီယာသမားတစ်ဦးက ဒုဝန်ကြီးချုပ် ကျားဖြန့်ကွန်ရက်နှင့် ပတ်သက်နေသည့် စွဲချက်အတွက် ရာထူးမှ မထုတ်သေးဘူးလားဟု မေးမြန်းခဲ့ရာ အနုတင်သည် မီဒီယာတွေ့ဆုံပွဲကို ရပ်ပြီး ထွက်ခွာသွားခဲ့သည်။
ထိုင်းနိုင်ငံတွင် ရဲတပ်ဖွဲ့၊ လွှတ်တော်အမတ်များနှင့် အစိုးရအကြီးအကဲများစွာ အွန်လိုင်းငွေလိမ်မှု ကျားဖြန့်ကွန်ရက်များ၊ တရားမဝင် အွန်လိုင်းလောင်းကစားဝက်ဘ်ဆိုက်လုပ်ငန်းများနှင့် ချိတ်ဆက် ပတ်သက်ကာ လာဘ်စားနေကြသည့်ဟု ကျယ်လောင်းစွာ အသံထွက်နေပြီး ဒုဝန်ကြီးချုပ်လည်းဖြစ် စိုက်ပျိုးရေးဝန်ကြီးလည်းဖြစ်သော ကလာသမ်ပါတီခေါင်းဆောင် သမ်မာနတ်ပရွမ်ပါအိုသည် အွန်လိုင်းကျားဖြန့်ကွန်ရက်နှင့် ချိတ်ဆက်နေသူဟု သတင်းအထောက်အထားများ ထွက်ပေါ်လာသည်။
အနုတင်က အစိုးရဝန်ကြီးဌာန ၆ ခုနှင့် အစိုးရနှင့် အရပ်ဘက် အဖွဲ့အစည်းပေါင်း ၉ ခုတို့ဖြင့် ကျားဖြန့် စစ်ပွဲကြေညာသည့် MOU စာချုပ်ပွဲကြီး ဦးဆောင်ကျင်းပပြီးနောက် မီဒီယာ အမေးအဖြေကဏ္ဍတွင် မီဒီယာသမားတစ်ဦးက သမ်မာနတ်ပရွမ်ပါအိုကို ထုတ်ပင်သင့်သဖြင့် မထုတ်သေးဘူးလားဟု မေးမြန်း ရာ အနုတင်က “ အွန်လိုင်းကျားဖြန့်တိုက်ဖျက်ရေးအစိုးရ ကြိုးစားနေမှုမှာ ဒီကိစ္စက ဘယ်လိုများ ပတ်သက်လို့လည်း” ဟု မကျေမနပ်ပြန်ပြောပြီး သတင်းစာရှင်းလင်းပွဲဆက်မလုပ်တော့ဘဲ ထွက်သွားခဲ့သည်။
ယခုရက်ပိုင်းအတွင်း ထိုင်းဒုရဲချုပ်ဟောင်း ဆူရာချိတ်ဟက်ခ်ပန်း (Big Joke”) က အစိုးရအတိုက်အခံ ပြည်သူ့ပါတီခေါင်းဆောင် အောက်လွှတ်တော် အစိုးရလုံခြုံရေးနှင့်နယ်စပ်ရေးရာဌာန ဥက္ကဌ ရန်ဆီမန်ရုမ်းနှင့် လွှတ်တော်သို့ ထိုင်း ရဲအရာရှိပေါင်း ၃၀ ကျော် အွန်လိုင်းလောင်းကစားဝက်ဘ်ဆိုက် လုပ်ငန်းများမှ လာဘ်ငွေများစွာ စားထားသည့် အထောက်အထားများကို ပေးအပ်ခဲ့ကာ ဒုဝန်ကြီးချုပ် သမ်မာနတ်ဦးဆောင်သော ကလာသမ်ပါတီမှ လွှတ်တော်အမတ် ချွန်နာပတ်နတ်ဆူအာသည်လည်း ဘတ် ၂ ဒသမ ၅ ဘီလီယံအထိ လည်ပတ်မှုရှိသော တရားမဝင်အွန်လိုင်းလောင်းကစားဝက်ဘ်ဆိုက်ကွန်ရက် နှင့် ချိတ်ဆက်နေသည်ဟု အမည်အတိအကျမဖော်ပြဘဲ အင်တာဗျူးတွင် ထုတ်ဖော်ပြောဆိုခဲ့သည်။
တောင်ပိုင်းဒေသမှ CH နှင့်စသည့် လွှတ်တော်အမတ်ဟုသာ ဟက်ခ်ပန်းက ပြောဆိုခဲ့သော်လည်း ထိုသူမှာ ချွန်နာပတ်နတ်ဆူအာဖြစ်မည်ဟု အများစုက ယုံကြည်မှတ်ထင်ခဲ့ကြသည်။
ကိုယ်တိုင်လည်း ကျားဖြန့်ကွန်ရက်နှင့်ပတ်သက်သည့် သံသယထားခံရသူဖြစ်သော သမ်မာနတ်က မိမိ ပါတီမှ လွှတ်တော်အမတ် ချွန်နာပတ်ကို ယခင်ကတည်းက ယခုလို စွပ်စွဲမှုများရှိခဲ့သော်လည်း ပိုင်ဆိုင်မှုနှင့် ငွေကြေးစီးဆင်းမှုများအား စစ်ဆေးပြီးနောက် အပြစ်မရှိသဖြင့် ထိုအမှုများပြီးဆုံးခဲ့ပြီး မတရားစွပ်စွဲ ခြင်းများဖြစ်သည်ဟု ထုတ်ပြန်ခဲ့သည်။
ထိုင်းတွင် ဒုစရိုက်အဖွဲ့အစည်းများထဲ အကြီးမားဆုံးအဖွဲ့မှာ ရဲတပ်ဖွဲ့သာဖြစ်သည်ဟု ဒုရုချုပ်ဟောင်း ဟက်ခ်ပန်းက ဖွင့်ပြောထားမှုကိုလည်း လက်ရှိရဲချုပ် ကီထရတ်က အသက်ပေးကာ ပြည်သူကို ကာကွယ်နေသူ ရဲမိသားစုအားလုံး ဝါးလုံးရှည်ဖြင့် ယမ်းခြင်းသာဖြစ်သည်ဟု သတင်းစာရှင်းလင်း ပြောဆိုသွားသည်။
ကိုကလင်း
Ref: thethaiger
#MeKongNews
#ထိုင်းနိုင်ငံ
#ကျားဖြန့်
#ဝန်ကြီးချုပ်
#မီဒီယာ








