မဲခေါင်၊ နိုဝင်ဘာ ၇
ပြီးခဲ့သည့်တစ်ပတ်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တောင်ကိုရီးယားအတွက် နျူကလီးယား စွမ်းအင်သုံးရေငုပ်သင်္ဘော တည်ဆောက်ပေးသွားမည်ဟု ကတိပြုပြီးနောက် နိုဝင်ဘာ ၇ ရက်တွင် မြောက်ကိုရီးယားသည် အမျိုးအမည်မသိရသော ပဲ့ထိန်းဒုံးကျည်တစ်လုံးကို ဂျပန်ပယ်လယ်ခေါ် အရှေ့ပင်လယ်ထဲ စမ်းသပ်ပစ်ခတ်ခဲ့သည်။
တောင်ကိုရီးယားသည် အဏုမြူမောင်းနှင် ရေငုပ်သင်္ဘောများ တည်ဆောက်ရေးစီမံကိန်းထဲမှ ပထမဆုံး ရေငုပ်သင်္ဘောအား တည်ဆောက်ရန်အမေရိကန်ဘက်က အတည်ပြုပေးလိုက်ပြီးနောက် မြောက်ကိုရီးယားဘက်မှ ရန်လိုသောတုံ့ပြန်မှုများ ပိုများလာမည်ဟု သုတေသီများက ခန့်မှန်းခဲ့သည့် အတိုင်း ယခု ပဲ့ထိန်းဒုံးကျည်တစ်လုံးကို ဂျပန်စီးပွားရေးရေပိုင်နက်အတွင်း ပစ်လွှတ်ဖောက်ခွဲခဲ့ခြင်း ဖြစ်သည်။
ထိုသတင်းကို တောင်ကိုရီးယားစစ်ဦးစီးချုပ်များရုံးက အတည်ပြုသလို ဂျပန်ဝန်ကြီးချုပ် ဆာနေးတာကအိချိကလည်း အတည်ပြုပြီး မည်သည့်ပျက်စီးမှု၊ ထိခိုက်သေကြေမှုမှ မရှိခဲ့ဟု ထုတ်ပြန် သွားခဲ့သည်။
မြောက်ကိုရီးယားအရေးကျွမ်းကျင်သူများက မြောက်ကိုရီးယားသည် ယခုနှစ်ပိုင်းများ အတွင်း ဒုံးကျည်သစ်များ စမ်းသပ်ပစ်လွှတ်မှုများကို ဆက်တိုက်ပြုလုပ်နေကာ ထိုလုပ်ရပ်သည် အမေရိကန်နှင့် တောင်ကိုရီးယားကို စိန်ခေါ်နိုင်စွမ်းရှိသည့် တိကျသော ဒုံးကျည်များစွာပိုင်သည်ကို ပြသနေခြင်းဖြစ်သလို ထိုစမ်းသပ်မှုများလုပ်ဆောင်အပြီးတွင် ဒုံးကျည်များအား ရုရှားအတွက် ပေးအပ်မှုများလည်း လုပ်ဆောင်နေသည်ဟု သုံးသပ်နေကြသည်။
ကမ္ဘာ့မြောက်ကိုရီးယားလေ့လာရေးအင်စတီကျုတွင် သုတေသနလုပ်ငန်းများလုပ်ဆောင်နေသော တစ်ချိန်က မြောက်ကိုရီးယားသား ဘက်ပြောင်း သုတေသီ အန်ချန်းအီက မြောက်ကိုရီးယားသည် အရှေ့ပင်လယ်အတွင်း ဒုံးကျည်စမ်းသပ်မှုများပြုလုပ်ခြင်းမှာ ထိုအကွာအဝေးရှိသည့် ဂျပန်၊ တောင်ကိုရီးယားမည်သည့် ဒေသကိုမဆိုတိ ချက်ချင်းတိကျစွာပစ်ခတ်နိုင်မှု ရှိနေရန် အသင့်ပြင်ဆင် နေခြင်းဖြစ်သည်ဟု သုံးသပ်ပြောဆိုခဲ့သည်။
ကိုကလင်း
Ref: nzherald
#MeKongNews
#မြောက်ကိုရီးယား
#ပဲ့ထိန်းဒုံး
#ဂျပန်ပင်လယ်
#တောင်ကိုရီးယား
#ရေငုပ်သင်္ဘော








