မဲခေါင်၊ နိုဝင်ဘာ ၅
မိုးဆက်တိုက်ရွာသွန်းမှုကြောင့် မန်တုံမြို့နယ်၊ မိုင်းဘော်ကျေးရွာနှင့် နမ္မတူ မြို့နယ်ကြား ဆက်သွယ်ထားသည့် မိုင်းဆင်ချောင်းပေါ်မှ နမ့်ရီးတံတား ရေနစ်မြုပ်နေသွားပြီး ဖြတ်သန်းသွားလာမှုခက်ခဲနေကြောင်း ဒေသခံများထံမှသိရသည်။
နိုဝင်ဘာ ၁ ရက်မှ နိုဝင်ဘာ ၄ ရက်အထိ နေ့စဉ် မိုးရွာသွန်းမှုကြောင့် နမ့်ရီးတံတား နစ်မြုပ်ခဲ့ခြင်း ဖြစ်ကာ ယနေ့ နိုဝင်ဘာ ၅ရက်တွင် မိုးစဲသွားသော်လည်း ရေအနည်းငယ်သာကျပြီး တံတားမြုပ်နေဆဲဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
“မိုးက အရမ်းများပြီး တောင်ကျရေကျတာ၊ မြို့ပေါ်လည်း နေအိမ်တချို့ ရေမြုပ်လို့ပြောင်းနေကြရတယ်။ မိုးဆက်ရွာ ရင်တော့ရေထပ်ကြီးမှာပဲ။ မိုင်းဆင်ချောင်း ရေကြီးတာကြောင့် လယ်ကွက်အများစု ရေနစ်မြုပ်နေပြီး ရိတ်သိမ်းထားတဲ့ စပါးတွေလည်း ရေထဲ မျှောပါသွားတာ ရှိတယ်” ဟု နမ္မတူမြို့မရပ်ကွက်နေသူတစ်ဦးက မဲခေါင်သို့ပြောသည်။
လက်ရှိတွင် နေအိမ် ၄လုံးထက်မနည်း ရေထဲနစ်မြုပ်သွားပြီး မိုးဆက်ရွာနေခြင်းကြောင့် ကြက်၊ ဘဲ၊ ဝက်ခြံများ ရေမနစ် မြုပ်စေရန် တိရစ္ဆာန်များကို ပြောင်းရွှေ့ထားကြရကြောင်း ဒေသခံများထံမှ သိရသည်။
ယမန်နေ့ နိုဝင်ဘာ၄ရက်တွင်လည်း နမ္မတူ-မန်တုံလမ်း၌ လမ်းတစ်လျှောက်မြေပြိုမှု ဖြစ်ပွားခဲ့ကြောင်းသိရသည်။
“မန်တုံဘက် ၁၁ မိုင်လောက်အထိ မြေပြိုထားလို့ ဘက်ဟိုးနဲ့ ရှင်းပေမယ့် လောလောဆယ်တော့ သွားမရသေးဘူး” ဟု နမ္မတူဒေသခံတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၁၉ရက်မှ ၂၁ရက်အထိ ၃ရက်ကြာ မိုးရွာသွန်းမှုကြောင့် နမ္မတူဘော်တွင်းကျေးရွာတွင် နှစ် ၅၀ ကြာပြီးနောက် ရေကြီးမှု ပြန်ကြုံတွေခဲ့ရသေးသည်။
နမ္မတူမြို့တွင်မူ ၃နှစ်တစ်ကြိမ်ခန့် ရေကြီးလေ့ရှိပြီး ၂၀၂၃ခုနှစ်တွင် နောက်ဆုံးရေကြီးခဲ့ပြီးနောက် ယခုထပ်မံ ရေကြီးခြင်းဖြစ်ကြောင်း သိရသည်။
#MeKongNews
#နမ္မတူ
#ရေကြီးနစ်မြုပ်
#ရှမ်းမြောက်
#မန်တုံမြို့နယ်








