မဲခေါင်၊ နိုဝင်ဘာ ၂
မူးယစ်ဆေးသုံးစွဲကာ လိုင်းခန်တွင် သေနတ် ၆ ချက် ပစ်ဖောက်ခဲ့သည့် လားရှိုးယာဉ်ထိန်းရဲတပ်ဖွဲ့ ရဲမှူးမျိုးထိုက်ကို ဒုပြည်နယ်ရဲမှူး သန့်စင်က လက်နက်မှု၊ မူးယစ်မှု၊ လိုင်စင်မဲ့ကားစီးနင်းမှုများဖြင့် အမှုဖွင့်ရန် စီစဉ်ခဲ့သော်လည်း လားရှိုးခရိုင်ရဲတပ်ဖွဲ့မှူး မြင့်အောင်က တောင်းပန်ကာကွယ်ပေးသည့်အတွက် အမှုမဖွင့်ခဲ့ခြင်းဖြစ်ကြောင်း လားရှိုးသတင်းရင်းမြစ်ထံမှ သိရသည်။
လားရှိုးခရိုင်ရဲမှူး မြင့်အာင်မှာ မန္တလေးတွင် ယာဉ်ထိန်းရဲမှူးအဖြစ် တာဝန်ကျစဉ်က မျိုးထိုက်နှင့် ရင်းနှီးခဲ့သည့်အတွက် ယခုကဲ့သို့ ကာကွယ်ပေးခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်ကပြောသည်။
“မျိုးထိုက် အချုပ်ထဲ ရောက်တဲ့ညက မျိုးထိုက်ကို လားရှိုးပြည်နယ်ရဲမှူး ဦးသန့်ဇင်က လက်နက်မှု၊ မှုးယစ်မှု၊ ကားဝစ်သောက်စီးမှုတွေနဲ့ အမှု့ဖွင့်ဖို့ လုပ်ခဲ့တယ်။ ဒါပေမဲ့ လားရှိုးခရိုင်ရဲမှူး မြင့်အောင်က အမှု့မဖွင့်ဖို့ ကြားကနေ တောင်းပန်လို့ အမှု့မဖွင့်ဖြစ်တာ။ ဦးမြင့်အောင်က ခရိုင်ရဲမှူး မဖြစ်ခင်က မန္တလေးမှာ ယာဥ်ထိန်းရဲမှူး လုပ်ခဲ့တော့ မျိုးထိုက်နဲ့ အရင်ထဲက ရင်းနှီးတယ်” ဟု ၎င်းကပြောသည်။
လားရှိုးယာဉ်ထိန်းရဲမှူး မျိုးထိုက်မှာ လားရှိုးသို့ပြန်ရောက်ချိန်မှစပြီး ကုန်တင်ကားများထံမှ သိန်းထောင်နှင့်ချီကာ လာဘ်စားခဲ့ကြောင်း၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တွင် ကုန်ကားများအဖမ်းခံသည့်ကိစ္စနှင့် ဆက်စပ်ပြီး တာဝန်ရှိသူများပါ ဖမ်းဆီးခံရစဉ်က မျိုးထိုက် ကြောက်နေခဲ့ကြောင်း၊ မူဆယ်-လားရှိုး-မန္တလေးသွားနေသည့် ဂျူတီမဲ့ကားမှန်သမျှ ၎င်းနှင့်မကင်းကြောင်း သတင်းရင်းမြစ်တစ်ဦးကလည်း ပြောသည်။
ယာဥ်ထိန်းရဲမှူးမျိုးထိုက်သည် ပြီးခဲ့သည့် အောက်တိုဘာ ၉ ရက်နေ့က လားရှိုးရှိ Ktv တစ်ခု၌ k ခေါ် မူးယစ်ဆေးတစ်မျိုးသုံးပြီး အရက်သောက်ကာ လားရှိုးရဲစခန်းဝန်းအတွင်းရှိ လိုင်းခန်း၌ တရားမဝင် ကိုင်ဆောင်နေသည့် ပစ္စတိုဖြင့် သေနတ် ၆ ချက် ပစ်ဖောက်ခဲ့ခြင်းဖြစ်သည်။
လိုင်စင်မဲ့ Without ကားများ ရောင်းဝယ်သည့် ကားပွဲစားတန်းဆီမှလည်း လစဥ်ကြေးကောက်ခံ နေသူဖြစ်ပြီး ထိုသို့လာဘ်ယူထားသည့် ငွေများဖြင့် ပြင်ဦးလွင်မြို့အထွက် ပြင်ဦးလွင်-မိုးကုတ် ကားလမ်းဘေး၌ ၂ ထပ်တိုက်တစ်လုံး ဆောက်လုပ်ခဲ့ပြီးဖြစ်ကြောင်း နီးစပ်သူများထံမှ သိရသည်။
၎င်းယာဉ်ထိန်းရဲမှူးသည် လားရှိုးမြို့တွင် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လကတည်းက လားရှိုးမြို့သို့ ရောက်လာသူဖြစ်ပြီး ကိုးကန့်တပ်ဖွဲ့များ လားရှိုးမြို့ကို သိမ်းပိုက်ထားချိန်တွင် အခြားမြို့၌ သွားရောက်နေထိုင်ပြီး ယခု စစ်ကောင်စီပြန်လည်ထိန်းချုပ်လိုက်သည့်အခါ ပြန်ရောက်လာခြင်း ဖြစ်သည်။
#MeKongNews
#လားရှိုး
#ယာဉ်ထိန်းရဲ
#မူးယစ်ရမ်းကား
#လာဘ်စား
#မျိုးထိုက်








