မဲခေါင်၊ အောက်တိုဘာ ၂၉
အောက်တိုဘာ ၂၆ ရက်က ဒေါ်နယ်ထရမ့် ကွာလာလမ်ပူတွင်ကျင်းပသည့် အာဆီယံအစည်းအဝေးသို့ တက်ရောက်လာစဉ် ကမ္ဘောဒီးယားနှင့် ထိုင်းတို့ ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုစေရန် ကမကထ ပြုပေးခဲ့ သော်လည်း အာဆီယံနိုင်ငံများနှင့် အမေရိကန်၏ ကုန်သွယ်မှု သဘောတူ MOU စာချုပ်များ ချုပ်ဆိုခဲ့မှု ၌ ထိုင်းသည် အကျိုးထက် ပေးဆပ်ရမှုအများဆုံးဖြစ်နေသဖြင့် ထိုင်းအတိုက်အခံ ပြည်သူ့ပါတီ ဒုခေါင်းဆောင် ဝီရာဝပ်က မေးခွန်းထုတ်ကာ ပြန်လည်ပြင်ဆင်နိုင်စေရေး တိုက်တွန်းသွားခဲ့သည်။
ဒေါ်နယ်ထရမ့်သည် သွင်းကုန်အခွန်နှုန်းများ လျှော့ချပေးမှုအတွက် တန်ပြန်ချည်နှောင်မှုတွင် ထိုင်း၊ ဗီယက်နမ်၊ မလေးရှားနှင့် ဖိလစ်ပိုင်တို့မှ မြေရှားသတ္တုများကို တူးဖော်ထုတ်လုပ်နိုင်မည့် MOU သဘောတူစာချုပ် ချုပ်ဆိုသွားရုံသာမက မတူညီသော အပြန်အလှန်ကုန်သွယ်မှု အကျိုးအမြတ်များစွာ ရှိသည့် သဘောတူညီချက်များကို ရယူသွားသည်ဟု ဝီရာဝပ်က ဆိုသည်။
ပထမဆုံးထောက်ပြသည့်အချက်မှာ အမေရိကန်ထံမှ ထိုင်းသည် ဒေါ်လာ ၁၈ ဒသမ ၈ ဘီလီယံ (ထိုင်းဘတ်ငွေအားဖြင့် ၆၀၀ ဘီလီယံ) တန်ကြေးရှိသည့် လေယာဉ် အစီး ၈၀ ဝယ်ယူပေးရမည် ဖြစ်ကာ ဗီယက်နမ်ကမူ ဒေါ်လာ ၈ ဘီလီယံတန်ကြေးသာကုန်ကျမည့် လေယာဉ် အစီး ၅၀ ဝယ်ရန်၊ မလေးရှားက လေယာဉ် အစီး ၃၀ သာ ဝယ်ရန် သဘောတူညီနိုင်ခဲ့သည့်အတွက် လက်ရှိ ထိုင်းအစိုးရ သည် အိမ်နီးချင်းနိုင်ငံများထက် များစွာပိုပေးဆပ်ရသည့် သဘောတူညီချက် MOU လက်မှတ်ကို ထိုး ပေးခဲ့ရခြင်းဖြစ်သည်ဟု ထောက်ပြဝေဖန်ခဲ့သည်။
သို့သော် စုစုပေါင်း အမေရိကန်ထံမှ ပြန်လည်ဝယ်ယူရမည့် ကုန်သွယ်မှုများတွင် မလေးရှားသည် တန်ကြေး အများဆုံးအဖြစ် ပေးရမည်ဖြစ်ကာ တစ်ပိုင်းလျှပ်ကူးပစ္စည်းများ၊ လေယာဉ်ပျံများ၊ အချက် အလက်စင်တာ အသုံးအဆောင်များအပါ ဒေါ်လာ ၁၅၀ ဘီလီယံဖိုးအထိ ဝယ်ယူရမည်ဖြစ်သည်။
သို့သော် မလေးရှားသည် အရှေ့တိုင်း၏ ဆီလီကွန်ဗယ်လီခေါ် နည်းပညာအထွန်းကားဆုံး ရပ်ဝန်းရှိနေ ခြင်းကြောင့် နည်းပညာပစ္စည်းများကိုသာ အကျိုးရှိစွာဖြင့် အမေရိကန်ထံမှ ဝယ်ယူခဲ့ခြင်းဖြစ်သည်။
ထိုင်းသည် အမေရိကန်ထံမှ လေယာဉ်များဝယ်ယူခြင်းဖြင့် အမေရိကန်ဘက်မှ ပြန်လည်ဝယ်ယူမည့် ကုန်ပစ္စည်းများတွင် စွမ်းအင်ဝယ်ယူမှုအတွက် ဒေါ်လာ ၅ ဒသမ ၄ ဘီလီယံ၊ တိရစ္ဆာန်အစားအစာနှင့် ပဲအတွက် တစ်နှစ်ဒေါ်လာ ၂ ဒသမ ၆ ဘီလီယံဖိုးသာ တင်သွင်းခွင့်ရသည်။
ဗီယက်နမ်ကမူ လေယာဉ်များ ဝယ်ယူမှုအတွက် ဒေါ်လာ ၂ ဒသမ ၉ ဘီလီယံဖိုးသာ ကုန်ကျမည်ဖြစ်ကာ အခြားသော အမေရိကန်၏ ထိန်းချုပ်ချည်နှောင်မှုများမရှိဘဲ ဗီယက်နမ် စိုက်ပျိုးရေးထွက်ကုန်များကို ပြန်လည်ဝယ်ယူမည်ဟု ကတိပြုခဲ့မှုဖြင့် ထိုင်းထက် များစွာ အကျိုးကျေးဇူးရရှိခဲ့စားရမည်ဖြစ်သည်။
ထို့အပြင် ဗီယက်နမ်နှင့် မလေးရှားတို့သည် အကောက်ခွန်ကုန်သွယ်မှုစနစ်၌မည်သည့် ဒစ်ဂျစ်တယ်အချက်အလက်များကို အမေရိကန်အား ပေးရန် မည်သည့်သဘောတူညီချက်မှ မယူခဲ့ချိန် ထိုင်းက အကျင့်ပျက်လာဘ်စားမှု များဖြင့်ပြည့်နှက်နေသည့် အကောက်ခွန်စနစ်မှ ဒစ်ဂျစ်တယ်အချက်အလက်အားလုံးကို အမေရိကန်ထံ ပေးသွားရမည်ဟု သဘောတူခဲ့သဖြင့် ဝန်ကြီးချုပ် အနုတင်ဦးဆောင်သော လက်ရှိ ထိုင်းအစိုးရ၏ အမေရိကန်နှင့် စာချုပ်များသည် အကျိုးမရှိဆုံး စာချုပ်ဖြစ်ကာ ပြန်လည်သုံးသပ်ပြင်ဆင်နိုင်ရေး ကြိုးစားသင့်ကြောင်းဝီရာဝပ်က တောင်းဆိုထုတ်ပြန်သွားခဲ့သည်။
ကိုကလင်း
Ref: Khaosod
#MeKongNews
#အမေရိကန်
#ထိုင်းနိုင်ငံ
#အာဆီယံ
#ကုန်သွယ်ရေး








