မဲခေါင်၊ အောက်တိုဘာ ၂၅
ကျားဖြန့်ကွန်ရက်များနှင့်ထိုင်းနိုင်ငံရေးအကြီအကဲများ ပါဝင်ပတ်သက်နေသည်ဆိုသော သတင်းများ နှင့်ပတ်သက်ပြီး အထူးစုံစမ်းစစ်ဆေးရေးကော်မရှင်တစ်ရပ်ကို နိုင်ငံတော် အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ (DSI) မှ ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း ထိုင်းတရားရေးဝန်ကြီး ဒုရဲမှူးချုပ် ရတ်သာပေါင်နာအိုဝါရတ်က အောက်တိုဘာ ၂၃ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
ကျားဖြန့် ငွေကြေးခဝါချမှုလုပ်ငန်းများကို အဓိက လုပ်ဆောင်ပေးနေသည့် Prince International Co Ltd နှင့် Prince Group တို့နှင့် ထိုင်းနိုင်ငံ အစိုးရအကြီးအကဲများ ချိတ်ဆက်မှုများရှိနေသည့်အရေး အတွက် ဝန်ကြီးချုပ်နှင့်ပြည်ထဲရေးဝန်ကြီး အနုတင် ဦးဆောင်ကာ တရားရေးဝန်ကြီးဌာန၊ ငွေကြေး ခဝါချမှုတိုက်ဖျက်ရေးရုံး (AMLO) နှင့် ထိုင်း ဗဟိုဘဏ် (BoT) တို့ ပူးပေါင်းကာ အဆိုပါ ကော်မတီဖွဲ့စည်းရေး အစည်းအဝေးကျင်းပပြီးနောက် ရတ်သာပေါင်က ယခုလို ထုတ်ပြန်ကြေညာခြင်း ဖြစ်သည်။
အမေရိကန်အစိုးရက Prince International Co Ltd နှင့် Prince Group တို့ကို ဦးဆောင်သည့် တရုတ်-ကမ္ဘောဒီးယား စီးပွားရေးသမား ချန်ဇီနှင့် ထိုင်းနိုင်ငံ အစိုးရအကြီးပိုင်းများအကြား ပူးပေါင်း ချိတ်ဆက်ကာ ကျားဖြန့်ငွေကြေးခဝါချမှုများကို လုပ်ဆောင်နေသည်ဟု ထုတ်ပြန်ခဲ့ရာ အမှန်တကယ် ပတ်သက်သူများအား စုံစမ်းဖော်ထုတ်ပြီး ဥပဒေအရ အရေးယူသွားနိုင်ရန် ယခုလို အထူးစုံစမ်းစစ်ဆေး ရေးကော်မရှင်တစ်ရပ် ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။
ရတ်သာပေါင်က မိမိတို့အနေဖြင့် အတိုက်အခံ ပါတီဖြစ်သော ပြည်သူ့ပါတီမှ ကျားဖြန့်နှင့်ပတ်သက် သည့် ထိုင်းအကြီးအကဲများအကြောင်း စဉ်ဆက်မပြတ်ဖော်ထုတ်တင်ပြနေသည့် ရန်ဆီမန်ရုမ်းနှင့် လည်း သက်သေများ ရရှိနိုင်ရေး ပူးပေါင်းဆောင်ရွက်သွားမည်ဟုပါ ထည့်သွင်းပြောဆိုခဲ့သည်။
ကိုကလင်း
Ref: Bangkokpost
#MeKongNews
#ကျားဖြန့်
#ထိုင်းအစိုးရ
#အထူးကော်မရှင်
#ငွေကြေးခဝါချမှု








