မဲခေါင်၊ အောက်တိုဘာ ၂၅
စစ်တပ်ဒေါက်တိုင် ပအိုဝ်းပြည်သူ့စစ် (PNA/PNO) ၏ ခေါင်းဆောင် ဦးအောင်ခမ်းထီ၏ သမီးဖြစ်သူ နန်းရီရီဝင်းသည် စစ်ကောင်စီကပြုလုပ်မည့် ရွေးကောက်ပွဲတွင် ရှမ်းပြည်၊ ပင်လောင်းမြို့နယ် မဲဆန္ဒနယ်မှ ဝင်ပြိုင်မည်ဖြစ်ကြောင်း စစ်ကောင်စီခန့် ရှမ်းပြည်ရွေးကောက်ပွဲ ကော်မရှင်စာရင်းအရ သိရသည်။
၎င်းသည် ပအိုဝ်းပါတီ ကိုယ်စားပြု ဝင်ပြိုင်မည် ဖြစ်သည်။
“ပြည်သူ့လွှတ်တော်က ဝင်ပြိုင်မှာ၊ အနိုင် သေချာတဲ့ နေရာကနေ ဝင်ပြိုင်တာမျိုးပါ။ ၂၀၂၀ ရွေးကောက်ပွဲတုန်းက နိုင်မယ်လို့ထင်ပြီး တောင်ကြီးမှာ ဝင်ပြိုင်တာ သူ ရှုံးတယ်လေ။ အဲဒါကြောင့် ခုက သေချာတဲ့ နေရာကနေ ပြိုင်တာ” ဟု တောင်ကြီးမြို့နေ နိုင်ငံရေးအကဲခတ်သူတစ်ဦးက မဲခေါင်သို့ ပြောသည်။
နန်းရီရီဝင်းသည် ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ရှမ်းပြည်လွှတ်တော်၊ တောင်ကြီးမြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၂)မှ ဝင်ရောက် ယှဥ်ပြိုင်ခဲ့သော်လည်း NLD ကို ရှုံးနိမ့်ခဲ့သည်။
ပင်လောင်းမြို့နယ်သည် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ပါဝင်ပြီး ပြီးခဲ့သော ၂၀၁၀၊ ၂၀၁၅ နှင့် ၂၀၂၀ ရွေးကောက်ပွဲများတွင် PNO ကသာ အနိုင်ရခဲ့သည့် မှတ်တမ်းရှိသည်။
စစ်ကောင်စီက ပြုလုပ်မည့် ပြည်သူ့လွှတ်တော်၊ ပင်လောင်းမြို့နယ် မဲဆန္ဒနယ်တွင် PNO ပါတီအပြင် ကြံ့ခိုင်ရေး၊ PPP နှင့် ကျားဖြူပါတီတို့မှ ဝင်ပြိုင်ကြမည်ဖြစ်ကြောင်း ရွေး/ကော်ထုတ်ပြန်ချက်အရ သိရသည်။
“နောက် ထူးခြားတာက ပအိုဝ်းဒေသမှာ ကြံ့ခိုင်ရေးက ဝင်ပြိုင်မယ်။ အရင်တုန်းက မပြိုင်ဖူးဘူး။ မဟာမိတ် PNO ကိုပဲ Support (အားပေး) လုပ်ကြတာ။ အခုတော့ မဟာမိတ်နယ်ကိုလည်း မရှောင်တော့ဘူးဆိုတာက ထူးခြားတယ်” ဟု နိုင်ငံရေးလေ့လာသူက
ပြောသည်။
စစ်ကောင်စီက လာမည့် ဒီဇင်ဘာ၂၈ရက် တွင် ရွေးကောက်ပွဲအပိုင်းတစ် ပြုလုပ်မည်ဟု ကြေညာပြီးနောက် မဲဆွယ်စည်းရေးကာလကို သတ်မှတ်ထားပြီး ဖြစ်သော်လည်း ကိုယ်စားလှယ်လောင်းများမှာ အမည်စာရင်း ပေါက်ကြားမည်ကို စိုးရိမ်နေကြသည့် အပြင် ပြည်သူများမှာလည်း မဲပေးရမည့် ကိုယ် စားလှယ်လောင်း အမည်ကိုပင် မသိကြကြောင်း စုံစမ်းသိရှိရသည်။
#MeKongNews
#စစ်ကောင်စီ
#ရွေးကောက်ပွဲ
#နန်းရီရီဝင်း
#PNO
#ပင်လောင်း








