မဲခေါင်၊ အောက်တိုဘာ ၁၇
အောက်တိုဘာ ၁၄ ရက်နေ့က ၅ စင်းမြောက် မူးယစ်ဆေးဝါးတင်ဆောင် လှေကိုဖောက်ခွဲတိုက်ခိုက် ပြီးနောက် ရေပိုင်နက်အတွင်းနောက်ထပ် မူးယစ်လှေများမတွေ့တော့သဖြင့် ကုန်းတွင်းပိုင်းအထိ ဝင်ရောက်ကာ ရှင်းလင်းဦးမည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အသိပေးပြောဆိုပြီးနောက် မဟာဗျူဟာ B52 ဗုံးကြဲလေယာဉ် ၃ စီးကိုပါ ဗင်နီဇွဲလားလေပိုင်နက်အနီး ၂ နာရီကြာ ပတ်မောင်းပြီး ခြိမ်းခြောက်ခဲ့သည်။
နောက်ဆုံး မူးယစ်လှေဖောက်ခွဲတိုက်ခိုက်မှုတွင် လိုက်ပါသူ ၆ ယောက်စလုံး သေဆုံးရာ စုစုပေါင်း မူးယစ်လှေ ၅ စီမှ ၂၇ ယောက် သေဆုံးခဲ့ပြီးဖြစ်သည်။
အောက်တိုဘာ ၁၄ ရက်နောက်ပိုင်း ဗင်နီဇွဲလား ကမ်းလွန်ပင်လယ်အတွင်း နောက်ထပ်မူးယစ်လှေများ ထပ်မတွေ့တော့သဖြင့် ဒေါ်နယ်ထရမ့်က CIA ကို ဗင်နီဇွဲလားနိုင်ငံအတွင်း စစ်ဆင်ရေးဝင်ရောက်ရန် ခွင့်ပြုကာ ကုန်းတွင်းပိုင်းထဲ မူးယစ်ဂိုဏ်းများကို ဝင်ရောက်ဖြိုခွင်းတော့မည်ဖြစ်ကြောင်း၊ ထိုသို့လုပ်ရသည့်အကြောင်းပြချက် ၂ ချက်မှာ ဗင်နီဇွဲလားမှ မူးယစ်ဆေးများစွာ အမေရိကန်သို့ပို့ဆောင်နေခြင်းနှင့် ဗင်နီဇွဲလားထောင်များအတွင်း လူဆိုးတစ်ယောက်မှ မရှိသည်အထိ ၎င်းတို့သည် အမေရိကန်ထဲ ဝင်ရောက်ခြိမ်းခြောက်နေခြင်း ကြောင့်ဖြစ်ကြောင်း ဒေါ်နယ်ထရမ့်က ပြောသွားခဲ့သည်။
ဒေါ်လာ သန်း ၅၀ ဆုကြေးထုတ်ထားသော အာဏာရှင်ဗင်နီဇွဲလားသမ္မတ မာဂျူရိုကမူ ထရမ့်၏ လုပ်ရပ်သည် မိမိတို့ အစိုးရကို ဖြုတ်ချလဲလှယ်ရန် ရည်ရွယ်သည့် အာဏာသိမ်းမှုမျိုးဖြစ်နေသဖြင့် ခုခံကာကွယ်သွားရမည်ဟု ဆိုသည်။
ဒေါ်နယ်ထရမ့်အား မာဂျူရိုအား နိုင်ငံအတွင်း ဝင်ရောက် သုတ်သင်မည်လားဟု မေးမြန်းမှုကိုမူ ထရမ့်က “ ဒီလိုမေးခွန်းမျိုးကို မဖြေချင်ဘူး” ဟုသာ မယုတ် မလွန်ဖြေကြားသွားခဲ့သည်။
အမေရိကန် B52 ဗုံးကြဲလေယာဉ် ၃ စီးဖြစ်သည့် BUNNY01၊ BUNNY02 နှင့် BUNNY03 တို့သည့် အောက်တိုဘာ ၁၅ ရက်က လူ၀စ်စီယာနာလေတပ်အခြေစိုက်စခန်းမှ ထွက်ခွာပြီး ဗင်နီဇွဲလား လေပိုင်နက်အနီး ၂ နာရီကြာ ပတ်ပျံသန်းခဲ့ခြင်းဖြစ်သည်။
သတင်းများအရ အမေရိကန်တပ်များသည် လက်ရှိတွင် ဗင်နီဇွဲလား၏ အရေးပါသောဆိပ်ကမ်းများနှင့် လေတပ်အခြေစိုက်စခန်းများအား သိမ်းပိုက်နိုင်သည့် အဆင့်အထိ ပြင်ဆင်ထားပြီးဖြစ်သည်ဟု ဖော်ပြနေကြသည်။
ကိုကလင်း
Ref:Thesun
#MeKongNews
#ဗင်နီဇွဲလား
#ဒေါ်နယ်ထရမ့်
#မူးယစ်ဆေးဝါး
#ဗုံးကြဲလေယာဉ်








