မဲခေါင်၊ အောက်တိုဘာ ၁၅
AFP သတင်းဌာန၏ စုံစမ်းထောက်လှမ်းသတင်းရယူခြင်းအရ မြ၀တီကျားဖြန့်လုပ်ငန်းများသည့် သက်ဆိုင်ရာတို့မှ အမြစ်ဖြတ်ချေမှုန်းမည်ဟု ကတိပြုပြောဆိုခဲ့သော်လည်း အီလွန်မာ့ခ်၏ စတားလင့်ခ် အင်တာနက်အများဆုံး သုံးစွဲရာရပ်ဝန်းအဖြစ်ပင် လုပ်ငန်းများပိုမိုချဲ့တွင်လာကြောင်း သိရှိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလက တရုတ်၊ ထိုင်းနှင့် မြ၀တီနှင့်ကရင်ပြည်နယ်အခြေစိုက် စစ်တပ်ထောက်ခံ ကရင်လက်နက်ကိုင်တပ်ဖွဲ့များ (BGF နှင့် DKBA) တို့က မြ၀တီမြို့ရှိ ကျားဖြန့်ရုံများကို စီးနင်းကာ လူပေါင်း ၇၀၀၀ (အများစုမှာ တရုတ်များဖြစ်) ဝန်းကျင်ကို လွှတ်ပေးခဲ့ကြသည်။
ယင်းအချိန်အခါက မြ၀တီကျားဖြန့်ရုံများတွင် စတားလင့်ခ် အင်တာနက်များ ရှိခဲလှသည့်အနေအထားမှ ဇူလိုင် ၃ ရက်မှ အောက်တိုဘာ ၁ ရက်အထိ မြ၀တီကျားဖြန့်အဆောက်အအုံများသည် နေ့စဉ် စတားလင့်ခ်အင်တာနက်များကို အများဆုံး အသုံးပြုရာ ရပ်ဝန်းဖြစ်လာခဲ့ကြောင်း အာရှဒေသတွင်း အင်တာနက် မှတ်ပုံတင်မှု အဖွဲ့ APNIC ထံမှ AFP က စုံစမ်းသိရှိခဲ့ရသည်။
ဧပြီလတွင် မြ၀တီ၌ စတားလင့်ခ်အင်တာနက် ၅၆ ခု သာ သုံးရာမှ ယခုလို အလုံးအရင်းအသုံးပြုပြီး ကမ္ဘာပတ်ကာ ဒေါ်လာဘီလီယံများစွာ ဆက်လက် လိမ်လည်ရယူနေခြင်းဖြစ်သည်ဟု AFP က ဆိုသည်။
AFP စုံစမ်းရေးအသင်းသည် ဂြိုဟ်တု ဓာတ်ပုံများအပြင် မြ၀တီမြို့အတွင်း ကျားဖြန့်ရုံများကို ဒရုန်းဖြင့် စုံစမ်းရိုက်ကူးသည့်မှတ်တမ်းများအရ စတားလင့်ခ်အင်တာနက်များစွာ ရှိနေသည်ကိုတွေ့ရသလို အမြစ်ဖြတ်ချေမှုန်းမည်ဟု တရုတ်၊ ထိုင်းနှင့် ကရင်လက်နက်ကိုင်အဖွဲ့တို့မှ ကတိပေးခဲ့သော်လည်း ကျားဖြန့်အဆောက်အအုံသစ်များစွာကို ဆက်လက်တည်ဆောက်နေဆဲမြင်ကွင်းများအား ရိုက်ကူရရှိခဲ့ ကြောင်း၊ ကျားဖြန့် ဓားစာခံ ၇၀၀၀ လွှတ်ပေးပြီးမကြာမီရက်ပိုင်းမှာပင် သောင်ရင်းမြစ်ကမ်း တစ်လျှောက် ကျားဖြန့်ရုံသစ်များအဖြစ် တည်ဆောက်နေသည်ဟု ယုံကြည်ရသော ဆောက်လုပ်ရေး လုပ်ငန်းများ ဆက်လက်လည်ပတ်နေကြောင်း AFP က ဖော်ထုတ်ထားသည်။
Planet Labs PBC မှ ရိုက်ကူးရရှိသည့်ဂြိုဟ်တုဓာတ်ပုံ များအရ ဒါဇင်ချီသော ကျားဖြန့်အဆောက်အအုံသစ်များကို တွေ့ရကြောင်း၊ နာမည်ကြီး KK Park ကျားဖြန့်ဝန်းကြီးတစ်ဝိုက် မတ်လနှင့်စက်တင်ဘာလကြား ယခုလို ဒါဇင်ချီသော အဆောက်အအုံသစ်များ တည်ဆောက်နေကြခြင်းဖြစ်ကြောင်း၊ ကရိန်းများ၊ အလုပ်သမားများစွာနှင့် ဆောက်လုပ်ရေးလုပ် ငန်းခွင်များ၌ ကြီးမားသည့် အဆောက်အအုံများ တစ်လုံးပြီးတစ်လုံး ထပ်မံတိုးပွားလာကြောင်း၊ မြ၀တီ တစ်ကျော ကျားဖြန့်သံသယ အဆောက်အအုံသစ် ၂၇ ခု ထပ်တိုးလာသည်ကို တွေ့ရကြောင်း AFP က အခိုင်အမာဖော်ပြသွားခဲ့သည်။
KK Park ကျားဖြန့်ဒုစရိုက်ဝန်းကြီးရှိ သောင်ရင်းမြစ်ကမ်းတွင် ထိုင်းဘက်မှ ထောက်ပံ့ပေးပို့မှုများကို လက်ခံအသုံးပြုနိုင်စေမည့် ကုတို့ဆိပ်သစ်များလည်း အနည်းဆုံး ၅ ခု ထပ်တိုးလာသည်ဟု AFP က ဖော်ပြခဲ့သည်။
ပြီးခဲ့သည့်လကပင် အမေရိကန်အစိုးရသည် မြ၀တီ ရွှေကုက္ကိုလ်မြို့သစ်ဆိုသော ကျားဖြန့်ရပ်ဝန်းကြီး အား ဦးဆောင်လည်ပတ်နေသည့် တရုတ်ရာဇဝတ်ခေါင်းဆောင် ရှီဇီးကျန့်အပါ၊ BGF အကြီးအကဲများ နှင့် ဆက်စပ်သည့် ၉ ဦးအား ပိတ်ဆို့အရေးယူမှုလုပ်ကြောင်း ကြေညာခဲ့သည်။
အမေရိကန်လွှတ်တော် ပူးတွဲစီးပွားရေးကော်မတီက ယခုလို မြ၀တီကျားဖြန့်လုပ်ငန်းများ၌ အီလွန်မာ့ခ်ပိုင် SpaceX မှ စတားလင့်ခ် (Starlink) အင်တာနက်များ အများဆုံးအသုံးပြုနေသည်ကို စုံစမ်းမှုစတင်ပြုလုပ်နေပြီ ဖြစ်ကာ AFP က မေးမြန်းစုံစမ်းမှုလုပ်ရာတွင်လည်း အီလွန်မာ့ခ်ဘက်က တုံ့ပြန်မှု တစ်စုံတစ်ရာ မလုပ် ခဲ့ကြောင်း ဖော်ပြသွားသည်။
အမေရိကန်လွှတ်တော်ကော်မတီမှ ဒီမိုကရက်တစ်ပါတီ ဦးဆောင်အမတ် မက်ဂီဟက်ဆန်က အီလွန်မာ့ခ်အနေဖြင့် မြ၀တီကျားဖြန့်လုပ်ငန်းများမှ အသုံးပြုနေသည့် စတားလင့်ခ်အင်တာနက်လိုင်း များကို ပိတ်ပင်ရန် တာဝန်ရှိသည်ဟု တောင်းဆိုခဲ့သည်။
“ကျွန်မတို့နိုင်ငံသားတွေဆီ ကျားဖြန့် ပတ်သက်တဲ့ မက်ဆေ့ချ်တွေ၊ ခေါ်ဆိုမှုတွေ၊ အီးမေးလ်တွေ ပိုပိုရောက်လာနေတာ အားလုံး သတိပြု မိကြချိန် သူတို့ဟာ ကမ္ဘာပတ်လိမ်နေတဲ့ ဒီဒုစရိုက်ကွန်ရက်ကြီးက စတားလင့်ခ်သုံးပြီး လိမ်နေတယ် ဆိုတာ မသိကြဘူး” ဟု မက်ဂီဟက်ဆန်က ပြင်းပြင်းထန်ထန်ဝေဖန်ကာ အီလွန်မာ့ခ်ထံသို့ ယခင်လပိုင်းကတည်းက ကျားဖြန့်နှင့်ပတ်သက်သည့် မေးခွန်း ၁၁ ချက် မေးထားကြောင်း ပြောဆိုခဲ့သည်။
ယခင် ကယ်လီဖိုးနီးယားရှေ့နေ အာရင်ဝက်စ်သည်လည်း ကျားဖြန့်စင်တာများ ဆန့်ကျင်ရေး Operation Shamrock အုပ်စု ထူထောင်ကာ လှုပ်ရှားနေပြီး အမေရိကန်ကုမ္ပဏီ စတားလင့်ခ်က ယခုလို ကျားဖြန့်သမားများအတွက် ဘီလီယံချီပေးနေသော ဒုစရိုက်မှုအား အားပေးအားမြှောက် ပြုသလိုဖြစ်နေခြင်းမှာ ရွံရှာစက်ဆုတ်ဖွယ်ကောင်းသည်ဟု ဝေဖန်ခဲ့သည်။
အရှေ့တောင်အာရှရှိ ကျားဖြန့်လုပ်ငန်းများသည် မနှစ်က အမေရိကန်ရှိပြည်သူများထံမှ ဒေါ်လာ ၁၀ ဘီလီယံကျော် လိမ်လည်ရယူသွားကာ ရှေ့တစ်နှစ်ကထက် ၆၆ ရာခိုင်နှုန်းမြင့်တက်လာသည်ဟု အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
၂၀၂၃ ခုနှစ် ကုလသမဂ္ဂ အစီရင်ခံစာတွင် မြန်မာနိုင်ငံအတွင်းရှိ ကျားဖြန့်စင်တာများ၌ လူမှောင်ခိုလုပ်ကာ အဓမ္မပိတ်လှောင် ခိုင်းစေခံနေရသူ ပေါင်း ၁၂၀၀၀၀ ရှိနေကာ ကမ္ဘောဒီးယားကျားဖြန့်ရပ်ဝန်းတွင်လည်း ထိုနည်းတူ လူပေါင်း ၁၀၀၀၀၀ ပိတ်လှောင်ခိုင်းစေခံနေရသည်ဟု ဖော်ပြပါရှိခဲ့သည်။
ကိုကလင်း
Ref: CNA
#MeKongNews
#ကျားဖြန့်
#မြဝတီ
#စောချစ်သူ
#စတားလင့်ခ်








