မဲခေါင်၊ စက်တင်ဘာ ၂၉
ရုရှားလက်ချက်ဟု တထစ်ချယူဆထားသည့် ဒရုန်းများ နေတိုးအဖွဲ့ဝင် ဥရောပနိုင်ငံ လေပိုင်နက်များ အတွင်း ယခုရက်ပိုင်းများ၌ ဝင်ရောက်ခြောက်လှန့်နေသောကြောင့် ဥရောပ ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးကို စက်တင်ဘာ ၂၆ ရက်က ကျင်းပပြုလုပ်ခဲ့ပြီး ရုရှားနယ်စပ်၊ ယူကရိန်းနှင့် ဘောလ်တစ်နိုင်ငံများနယ်စပ်တစ်လျှောက် အထပ်ထပ်အလွှာလိုက်ကာရန်ထားမည့် ဒရုန်းတံတိုင်း တည်ဆောက်သွားရန် သဘောတူညီမှု ရရှိခဲ့သည်။
ရုရှားဒရုန်းများသည် ပိုလန်၊ ဒိန်းမတ်နိုင်ငံများသို့ ကျူးကျော်ဝင်ရောက်လာသလို အက်စတိုးနီးယား လေပိုင်နက်အတွင်းသို့လည်း ရုရှားဖိုက်တာဂျက်လေယာဉ် ၂ စီးဝင်ရောက်လာခြင်းကြောင့် နေတိုးနှင့် ရုရှားတို့ တတိယကမ္ဘာစစ်ကြီး စတင်ဖြစ်ပွားလာမည်ကို အထူး စိုးရိမ်လာရသည်။
ယူကရိန်းသည် နေတိုးအဖွဲ့ဝင်နိုင်ငံမဟုတ်သော်လည်း အဆိုပါ ဒရုန်းတံတိုင်းတည်ဆောက်မှု၌ ပထမ ဦးစွာ ဒရုန်းများအား လမ်းကြောင်းဖမ်ယူရရှိမှု၊ နောက် ပျက်စီးစေမှုနှင့် ဖျက်ချနိုင်မှုအဆင့်များ အသီး သီးသို့ ဖြတ်ကျော်ပြီးမှ ဥရောပနိုင်ငံအတွင်း ဝင်ရောက်လာခြင်းမရှိစေရေး ယူကရိန်းနှင့် ရုရှားနယ်စည်း အကြားမှာပင် အဆင့်မြင့် ဒရုန်းကာကွယ်ရေးတံတိုင်း ထူထောင်မည်ဟု ဆိုသည်။
ရုရှားနှင့် ဥရောပ နိုင်ငံများဆက်စပ်သည့် နယ်စပ်များတွင် အလွာအထပ်ထပ်ပါ ဒရုန်းတံတိုင်းတည်ဆောက်ရာ၌ ရုရှား ပြန်လိုချင်နေသည့် ဘောလ်တစ်နိုင်ငံများ၊ ပိုလန်၊ ရိုမေးနီးယား၊ ဘူလ်ဂေးရီးယားတို့တွင် ဦးတည် တည်ဆောက်သွားမည်ဟု အတည်ပြုခဲ့ကြသည်။
ထိုသို့ ဒရုန်းတံတိုင်းတည်ထောင်ခြင်းကြောင့် မသင်္ကာဖွယ်ရာ ဒရုန်းများ ဝင်လာတိုင်း ပထမအဆင့် တုံ့ပြန်မှုမှာပင် ဒေါ်လာသန်းချီကုန်ကျခံရသော ဖိုက်တာဂျက်လေယာဉ်များ စေလွှတ်ရခြင်း၊ ဒုံးကျည်များ အသုံးပြုပြီး ဖျက်ချရခြင်းများ လုပ်ဆောင်ရန် မလိုတော့ဘဲ အကုန်အကျလည်း အလွန် သက်သာသွားစေမည်ဟု အစည်းအဝေးအပြီး ထုတ်ပြန်ခဲ့သည်။
ကိုကလင်း
Ref:Thesun
#MeKongNews
#နေတိုး
#ဥရောပ
#ဒရုန်း
#ရုရှား








