မဲခေါင်၊ စက်တင်ဘာ ၂၅
ပြီးခဲ့သည့်ရက်ပိုင်းကပင် ဒိန်းမတ်မြို့တော် ကိုပင်ဟေဂင်လေဆိပ် ဆိုက်ဘာတိုက်ခိုက်ခံရမှုကြောင့် ကသောင်းကနင်းဖြစ်ခဲ့ရပြီး ယခုလည်း စက်တင်ဘာ ၂၄ ရက်ည၌ ထူးခြားဆန်းကြယ်သည့် ဒရုန်းများ နိုင်ငံလေပိုင်နက်အတွင်း ဝင်ရောက်လာသဖြင့် ဒိန်းမတ်အစိုးရက ခြိမ်းခြောက်မှုခံနေရပြီဖြစ်သော ကြောင့် နေတိုးအဖွဲ့ဝင်အဖြစ် Article 4 အသုံးပြုဆင်ခေါ်ရန် စဉ်းစားနေရပြီဖြစ်ကြောင်း သိရသည်။
ပိုလန်၊ ရိုမေးနီးယားတို့သို့လည်း ရုရှားဒရုန်းများ ကျူးကျော်ဝင်ရောက်ခဲ့သလို အက်စတိုးနီးယား လေပိုင်နက်အတွင်းသို့လည်း ပြီးခဲ့သည့်ရက်ပိုင်းကပင် ရုရှား၏ MiG 35 ဖိုက်တာဂျက်လေယာဉ် ၂ စီး ၁၂ မိနစ်ကြာ ဝင်ရောက်ခဲ့သဖြင့် ရုရှားနှင့်နေတိုးအဖွဲ့ကြား တတိယကမ္ဘာစစ် ဖြစ်ပွားရန် တာစူနေသည့် အနေအထား ဖြစ်နေသည်။
ထိုအခြေအနေတွင် မည်သူလွှတ်တင်သည့် ဒရုန်းဟု မချင့်တွက်နိုင်ဘဲ ရုရှားလက်ချက်ဟု ယူဆရသည့် ဒရုန်းများ ဒိန်းမတ်လေဆိပ်များပေါ် ပျံသန်းရောက်ရှိလာပြီး ဒရုန်း တစ်ခုဆိုလျှင် နာရီများစွာကြာသည်အထိ လှည့်ပတ်နေသဖြင့် ဒိန်းမတ်အာဏာပိုင်များက လေဆိပ် ၄ ခု အထိ အချိန်ပိုင်းပိတ်ခဲ့ရသည်။
ဒရုန်းများသည် အက်စ်ဘာ့ဂ်၊ ဆန်ဒါဘော့၊ စကိုင်ဒ်စထရပ်နှင့် နိုင်ငံ၏ စတုတ္တမြောက် လူနေအထူထပ်ဆုံးမြို့ဖြစ်သော အယ်လ်ဘော့လေဆိပ်များအပေါ် ပျံသန်းရောက်ရှိလာခြင်းဖြစ်ရာ နေတိုးအဖွဲ့ဝင်နိုင်ငံဖြစ်သည့်အတွက် မိမိတို့နိုင်ငံအား ခြိမ်းခြောက်မှု ဆိုးရွားစွာ ရှိလာသဖြင့် အားလုံး ပူးပေါင်းတိုင်ပင်သည့်အဆင့် Article 4 သဘောတူညီချက် အသုံးချကာ ဆင့်ခေါ်ရန် စဉ်းစားနေသည် ဟု ထုတ်ပြန်သွားခဲ့သည်။
Article 4 သည် နေတိုးအဖွဲ့ဝင်တစ်နိုင်ငံအပေါ် ခြိမ်းခြောက်လာလျှင် အရေးပေါ်အစည်းအဝေး ခေါ်ယူသည့်အဆင့် သဘောတူညီချက်ဖြစ်ကာ Article 5 ဆိုလျှင် တန်ပြန်တိုက်ခိုက်ရေးအတွက် ထားရှိသည့် ဥပဒေစည်းမျဉ်းဖြစ်သည်။
Article 4 ကို ယူကရိန်းအား ရုရှား ကျူးကျော်မှုစတင်သည့် ၂၀၂၂ ခုနှစ်က ဥရောပနိုင်ငံများ နောက်ဆုံးအကြိမ်အဖြစ် ခေါ်ယူခဲ့သည်။
ကိုကလင်း
Ref: Thesun
#MeKongNews
#နေတိုး
#ဒိန်းမတ်
#ရုရှား
#ဒရုန်း
#ဥရောပ








