မဲခေါင်၊ စက်တင်ဘာ ၂၃
စက်တင်ဘာ ၁၇ ရက်က ဖိလစ်ပိုင်ပင်လယ်ပြင်တွင် စတင်ပေါ်ထွန်းတိုက်ခတ်သည့် ရာဂါဆာ စူပါ တိုင်ဖွန်းမုန်တိုင်းသည် အန္တရာယ်သတိပေးချက် အမြင့်ဆုံးအဆင့်သတ်မှတ်ခံရကာ ဖိလစ်ပိုင်ကို တိုက်ခတ်ပြီးနောက် စက်တင်ဘာ ၂၃ ရက်နှောင်းပိုင်း တရုတ်နိုင်ငံတောင်ပိုင်းသို့ ရွေ့လျား တိုက်ခတ် လာပြီဖြစ်သည်။
တစ်မိနစ်အတွင်း တစ်နာရီ ကီလိုမီတာ ၂၇၀ လေတိုက်နှုန်းဖြင့် တိုက်ခတ်နေသော ရာဂါဆာကြောင့် ဖိလစ်ပိုင်တွင် ၂ ဦးသေဆုံးပြီး ၉ ဦးဒဏ်ရာရခဲ့ပြီးဖြစ်ရာ မုန်တိုင်းသည် တောင်တရုတ်ပင်လယ်ကို ဖြတ်ကာ တရုတ်တောင်ပိုင်း၊ ဟောင်ကောင်၊ မက္ကာအိုနှင့် ဂွမ်ဒေါင်းပြည်နယ်များသို့ ပြင်းထန်စွာ ဝင်ရောက်လာတော့မည်ဖြစ်သည်။
ဂွမ်ဒေါင်းပြည်နယ် နည်းပညာပိုင်းဆိုင်ရာဗဟိုချက် ရှန်ဇန်းအပါအဝင် မြို့ပေါင်း ၁၀ မြို့ကျော်ကို ပြည်နယ်အစိုးရက အန္တရာယ်အရှိဆုံး သတိပေးချက်ထုတ်ပြန်ထားရပြီး လူပေါင်း ၃၇၁၀၀၀ ကို နေရာ ရွှေ့ပြောင်းခိုင်းပြီးဖြစ်ကာ လေကြောင်းခရီးစဉ်ပေါင်း ထွက်ခွာ ၂၁၀ နှင့် ဆိုက်ရောက် ၃၁၉ ခုကို ရွှေ့ဆိုင်းလိုက်ရသည်ဟု သိရှိရသည်။
ဂွမ်ဒေါင်းပြည်နယ်အစိုးရက ကယ်ဆယ်ရေးလုပ်ငန်းများအတွက် မီးသတ်သမား ၃၈၀၀၀၊ သင်္ဘော ၂၃ စီး၊ ဒရုန်းပေါင်းများစွာကို အသုံးပြုရန် အသင့်ပြင်ဆင်ထားကာ တရုတ်ဗဟိုအစိုးရက သဘာ၀ဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးအတွက် ယာယီတဲ ၆၀၀၀၀၊ အိပ်ယာများ၊ ဓာတ်မီးများလည်း ပေးပို့ကာ ကယ်ဆယ်ရေးစခန်းများလည်း အနှံ့အပြားဖွင့်ကာ မုန်တိုင်း ကိုရင်ဆိုင်ရန် စောင့်ဆိုင်းနေကြကြောင်း သိရသည်။
ရှန်ဇန်းမြို့တွင် စျေးအားလုံး၊ စာသင်ကျောင်း၊ စက်ရုံ၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းအားလုံး ပိတ်ထားပြီး လူများ နေအိမ်အတွင်း စားနပ်ရိက္ခာအသင့်ထားရှိပြင်ဆင်နေထိုင်ကြရန် သတိပေးချက်များ ထုတ်ပြန် နေသည်။
ရှန်ဇန်းလေဆိပ်၊ ဟောင်ကောင် ဇူးဟိုင်-မက္ကာအိုတံတားများလည်း ပိတ်ထားပြီး စက်တင်ဘာ ၂၃ ရက် ညနေပိုင်းမှစပြီး ဘတ်စ်ကားများ၊ တက္ကဆီနှင့် ရထားခရီးစဉ်အားလုံးလည်း ရပ်ဆိုင်းထားကြောင်း သိရသည်။
ရှန်ဇန်မြို့ရှိ စတိုးဆိုင်များတွင် လူများစွာ မုန်တိုင်းကို ရင်ဆိုင်ရန် စာပွဲတင်ဖုန်းအားသွင်းဘက်ထရီများ အလုအယက်ဝယ်ယူသဖြင့် ပစ္စည်းပြတ်လပ်ကာ ဒလီဗာရီသမားများလည်း မလာနိုင်တော့ဘဲ အရေးပေါ်ပစ္စည်းများစွာ ပြတ်လပ်နေပြီဟု သိရသည်။
ရှန်ဇန်းမြို့သည် ပင်လယ်ကမ်းရိုးတန်းနှင့် နီးစပ်စွာတည်ရှိသဖြင့် နေရပ်ရှောင်ရသူအများစုမှာ ယင်းမြို့မှ ဖြစ်သည်ဟု သိရသည်။
ဟောင်ကောင်တွင်လည်း လေယာဉ်ခရီးစဉ် ၅၀၀ ကျော် ရပ်ဆိုင်းကာ ကျောင်းများ ၂ ရပ်ပိတ်ထားပြီး ယာယီဒုက္ခသည်စခန်း ၄၆ ခုဖွင့်လှစ်ထားသည်။
ထိုင်ဝမ်တွင်လည်း ပြည်တွင်းလေကြောင်းခရီးစဉ် ၁၄၆ လိုင်းဖျက်သိမ်းခဲ့ရသည်။
၂၀၂၅ ခုနှစ်အတွင်း အပြင်းထန်ဆုံး မုန်တိုင်းများထဲတွင် ရာဂါဆာသည် အပြင်း ထန်ဆုံးဖြစ်ကာ အမြင့်ဆုံးလေတိုက်ခတ်နှုန်း တစ်နာရီ ၂၀၅ ကီလိုမီတာနှုန်းရှိသည်။
၎င်းနောက်တွင်မှ တစ်နာရီ အမြင့်ဆုံးလေတိုက်နှုန်း ၁၉၅ ကီလိုမီတာနှုန်းနှင့် တိုက်ခတ်နေသော နီယိုရူရီမုန်တိုင်း၊ ဩဂုတ် ၁၅ ရက်က လှုပ်ခဲ့သည့် ပိုဒယ်မုန်တိုင်း (လေတိုက်နှုန်း တစ်နာရီ ၁၅၀ ကီလိုမီတာ)တို့ အသီးသီး ရပ်တည်နေသည်။
ကိုကလင်း
Ref: scmp
#MeKongNews
#ရာဂါဆာမုန်တိုင်း
#စူပါတိုင်ဖွန်း
#တရုတ်နိုင်ငံ
#ဟောင်ကောင်








