မဲခေါင်၊ စက်တင်ဘာ ၁၉
စက်တင်ဘာ ၁၇ ရက်က ထိုင်း-ကမ္ဘောဒီးယားနယ်စပ် ဆာခဲရိုခရိုင် နောင်ယာကရူးအရပ်တွင် ကမ္ဘောဒီးယားပြည်သူ ၂၀၀ ကျော်သည် ထိုင်းဘက်မှကာရန်ထားသော သံဆူကြိုးများကို ဖယ်ရှားကာ ကင်းလှည့်လာသည့် ထိုင်းရဲနှင့်အရန်တပ်သားများအား တုတ်များ၊ ခဲများ၊ လေးခွများဖြင့် ပစ်ခတ်ရာမှ ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ရာ ဆာခဲရိုခရိုင်ရဲမှူးက စက်တင်ဘာ ၁၈ ရက်တွင် ကုမ္ပဏီ ၂ ခုမှ လူစုလူဝေး ထိန်းသိမ်းရေးရဲ ၃၄၀ ကို ထိုနယ်စပ်သို့ ထပ်မံပို့ဆောင်လိုက်သည်။
ထိုင်းရဲ ၄ ဦး ဒဏ်ရာရရှိခဲ့သည့် ထိုဖြစ်စဉ်ကို ချင့်တွက်ကိုင်တွယ်ဖြေရှင်းရာတွင် ထိုင်းရဲနှင့် စစ်သားများက ရော်ဘာကျည်ဖြင့် ပစ်ခတ်ခြင်း၊ မျက်ရည်ယိုဗုံးများသုံးခဲ့ကာ နှစ်နိုင်ငံအကြား တင်းမာမှု ပိုပြင်းထန်လာခဲ့သည်။
ထို့ကြောင့် နယ်စပ်ရဲ၊ အရန်တပ်သားများအား အားဖြည့်နိုင်ရေး ပရာချင်ဘူရီနှင့်ချာချိုအန် ဆာအိုမှ ကုမ္ပဏီ ၂ ခုထံမှ လူစုလူဝေးထိန်းသိမ်းရေးရဲ ၃၄၀ ကို နောင်ယာကရူးအရပ်သို့ ယနေ့ စေလွှတ် အားဖြည့်လိုက်သည်ဟု ဆာခဲရိုခရိုင်ရဲမှူး သီတာဝပ်ဆူရီယာချိုင်က ထုတ်ပြန်ပြောဆိုခဲ့သည်။
ပြီးခဲ့သည့် ဇူလိုင်လက ထိုင်းနှင့် ကမ္ဘောဒီးယားတပ်များ နယ်စပ်အငြင်းပွားပိုင်နက်ကိစ္စဖြင့် ၅ ရက်တာ စစ်ပွဲဖြစ်ပွားခဲ့ပြီးနောက် ထိုင်းတပ်များ သိမ်းထားသည့်နယ်မြေအတွင်းမှ ကမ္ဘောဒီးယားသားများကို မောင်းထုတ်ကာ သံဆူးကြိုးများဖြင့်ကာရံခဲ့ခြင်း ဖြစ်သည်။
စက်တင်ဘာ ၂၆ ရက် နောက်ဆုံးထားပြီး ထိုင်းဘက်မှ ၎င်းတို့ပိုင်နက်ဟု သတ်မှတ်ထားသော နယ်မြေများမှ ကမ္ဘောဒီးယားဒေသခံများ ထွက်သွားရန် ထိုင်းစစ်တပ်က သတိပေးထုတ်ပြန်ပြီးနောက် ယခုလို လူစုလူဝေးဖြင့် ကမ္ဘောဒီးယား ဒေသခံများက စုဝေးပြီး ဆန့်ကျင်တိုက်ခိုက်လာခြင်း ဖြစ်သည်။
ကိုကလင်း
Ref: Thenation
#MeKongNews
#ထိုင်းနိုင်ငံ
#ထိုင်းနယ်စပ်
#ကမ္ဘောဒီးယား
#ဆန္ဒပြ








