မဲခေါင်၊ စက်တင်ဘာ ၁၆
အမေရိကန်အတွင်းသို့ တင်သွင်းသည့် အဓိက မူးယစ်ဆေးဝါးများသည် ဗင်နီဇွဲလားမှ ဝင်ရောက် လာခြင်းဖြစ်ကာ ထိုကာရစ်ဘီယံဒေသမှ မူးယစ်ဂိုဏ်းများကို နှိမ်နင်းမည်ဟုဆိုပြီး စစ်သင်္ဘောများ၊ ဖိုက်တာဂျက်လေယာဉ်များ စေလွှတ်ထားသည့် အမေရိကန်သည် ပြီးခဲ့သည့်ရက်ပိုင်းက ဗင်နီဇွဲလား ရေပိုင်နက်အတွင်း တူနာငါးဖမ်းသင်္ဘောအား စီးနင်းခဲ့သည်။
အမေရိကန် စစ်သင်္ဘောပေါ်မှာ လက်နက်ကိုင်စစ်သည် ၁၈ ဦးသည် ဗင်နီဇွဲလားတူနာငါးဖမ်းသင်္ဘော ပေါ် ၈ နာရီကြာ စီးနင်းထားပြီးမှ ဗင်နီဇွဲလားလေတပ်အစောင့်အရှောက်ဖြင့် အဆိုပါ ငါးဖမ်းသင်္ဘော ကို ပြန်လွှတ်ပေးခဲ့ရာ ဗင်နီဇွဲလား နိုင်ငံခြားရေးဝန်ကြီး ဝိုင်ဗန်ဂေလ်က အမေရိကန်လုပ်ရပ်သည် တရားမဝင်သော ရန်လိုသည့်စီးနင်းမှုဟု ဆိုကာ စစ်ရေးတင်းမာမှုကို ဖြစ်စေသည်ဟု ထုတ်ပြန်ခဲ့သည်။
အမေရိကန် စစ်သင်္ဘောများ ဗင်နီဇွဲလားကမ်းလွန်သို့ရောက်ပြီးနောက် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ၁၁ ဦးပါဝင်သော စက်လှေကို Tren de Aragua မူးယစ်ဂိုဏ်းမှ မူးယစ်ဆေးဝါးများစွာ သယ်ဆောင်လာ သည်ဟု ဆိုကာ အမေရိကန်စစ်တပ်က ပစ်ခတ်ဖောက်ခွဲခဲ့ရာ အားလုံး သေဆုံးခဲ့သည်။
ထိုဖြစ်စဉ်တွင် အမေရိကန်သည် စွပ်စွဲသလို မူးယစ်ဆေးဝါးသယ်ဆောင်သည့် ဂိုဏ်းဖြစ်ကြောင်း မည်သည့်အထောက် အထားမှ မပြနိုင်ခဲ့ဟု ဗင်နီဇွဲလားဘက်က ဝေဖန်ပြစ်တင်ပြီး ယခုတစ်ဖန် တရားဝင် ငါးဖမ်းသင်္ဘောအား မိမိတို့ရေပိုင်နက်အတွင်း စီးနင်းမှုသည် ကာရစ်ဘီယံဒေသ စစ်ရေးတင်းမာမှုကို ဖြစ်စေကာ မိမိတို့အချုပ်အခြာအာဏာကို စော်ကားထိပါးပါက ကာကွယ်ရန်အသင့်ရှိနေကြောင်းနှင့် လက်ရှိ အစိုးရကို လဲလှယ်လိုသည့် အမေရိကန်၏ မူဝါဒ အောင်မြင်မည်မဟုတ်ဟု ဗင်နီဇွဲလား နိုင်ငံခြားရေးဝန်ကြီးက ထပ်မံပြောဆိုသွားသည်။
အမေရိကန်သည် ဗင်နီဇွဲလား အာဏာရှင်သမ္မတ မာဂျူရိုသည် မူးယစ်မှောင်ခိုစီးပွားရေးတွင် နောက်ကွယ်မှ အဓိက ကြိုးကိုင်ကာ အမေရိကန်နိုင်ငံအတွင်း အဓိက ကိုကင်းတင်သွင်းနေသူ ဖြစ်သောကြောင့် ဖမ်းမိပါက ဒေါ်လာ ၂၅ သန်းပေးမည်ဟု ဆုကြေးထုတ်ပြန်ထားရာမှာ ဒေါ်လာ သန်း ၅၀ ပေးမည်ဟု ထပ်မံ ဆုကြေးတိုးမြှင့်ပြီးနောက် စစ်သည် ၄၀၀၀ ပါ စစ်သင်္ဘောများနှင့် တိုက်လေယာဉ်များ အသင့်စေလွှတ်ထားခြင်းဖြစ်သည်။
ကိုကလင်း
Ref: pbs
#MeKongNews
#အမေရိကန်
#ဗင်နီဇွဲလား
#မူးယစ်ဆေးဝါး
#တူနာငါးဖမ်းသင်္ဘော
#စီးနင်း








