မဲခေါင်၊ စက်တင်ဘာ ၁၅
မဲခေါင်မြစ်မှတဆင့် တင်သွင်းလာသည့် စိတ်ကြွဆေးပြား ၆သန်းကို ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁၂ ရက်နေ့တွင် ချင်းမိုင်ခရိုင်၊ ချင်းကောင်နယ်စပ်၌ ပစ်ကပ်ထရပ်ကားနှင့် ဆီဒင်ကားတစ်စီးအတွင်း မူးယစ်မှောင်ခိုသမား ၃ ယောက်နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ချင်းရိုင်ခရိုင် စုံစမ်းစစ်ဆေးရေးရဲတပ်ဖွဲ့ အမှတ် (၅) မူးယစ်ဆေးဝါးစုံးစမ်းဖော်ထုတ်ရေးဌာနမှ စီမံချက်ဖြင့် စုံစမ်းဖမ်းဆီးရာတွင် ဖမ်းဆီးရမိသူ ၃ ဦးအနက် ၂ ဦးသည် မယ်ဟောင်ဆောင်ခရိုင်၊ မယ်လနွိုင်မှဖြစ်ကာ အခြားတစ်ဦးမှာ ချင်းမိုင်ခရိုင် ဆမိုအန်းအရပ်မှ ဖြစ်ကြောင်း သိရှိရသည်။
၎င်းတို့ ၃ ဦးသည် ချင်းမိုင်ခရိုင်မူးယစ်ဆေးဝါးကွန်ရက်နှင့် ပတ်သက်သူများဖြစ်ကာ ချင်းရိုင်ခရိုင် ဝီယန်ကိန်းနှင့်ချင်းကောင်းဒေသရှိ မဲခေါင်မြစ်အတွင်းမှ မူးယစ်ဆေးများကို ယာဉ်အမျိုးမျိုးဖြင့် ချင်းမိုင်ခရိုင်သို့ သယ်ဆောင်ကာ ထိုမှ တစ်ဆင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖြန့်ဖြူးနေသူများ ဖြစ်ကြောင်းလည်း ရဲတပ်ဖွဲ့က ဆိုသည်။
ည ၁၀ နာရီဝန်းကျင်တွင် အဆိုပါကား ၂ စီးကို တားဆီး စစ်ဆေးရာ ပစ်ကပ်ထရပ်ကားကို မောင်းနှင် လာသူသည် ၃၆ နှစ်အရွယ် ချင်းရိုင်ခရိုင်၊ ဝီယန်ကိန်းရှိ မူအန်းယိုင်မှ အက်ကလက်ဆိုသူဖြစ်ကာ မီးခိုးရောင် ဆီဒင်ကားမောင်းလာသူမှာ ၄၈ နှစ်အရွယ် ဂျီယာယတ်ဆိုသူဖြစ်ကြောင်း၊ အတူလိုက်ပါသူ မှာ ၃၃ နှစ်အရွယ် ချာလစ်ဆိုသူတို့ဖြစ်သည်ဟု ချင်းရိုင် ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။
ကား ၂ စီးအတွင်း အိတ်ပေါင်း ၂၄ အိတ်ကို လျှို့ဝှက်သယ်ဆောင်လာကာ တစ်အိတ်လျှင် စိတ်ကြွဆေးပြား ၂၅၀၀၀၀ ပါရှိပြီး စုစုပေါင်း ဆေးပြား ၆၀၀၀၀၀၀ ကို သိမ်းဆည်းရမိကာ မူးယစ်ကွန်ရက်ကို ဆက်လက်စုံစမ်းဖော်ထုတ်သွားမည်ဟုလည်းဆိုသည်။
Ref: Maesaipress
ကိုကလင်း
#စိတ်ကြွဆေးပြား
#မဲခေါင်မြစ်
#ချင်းမိုင်
#မယ်ဟောင်ဆောင်








