မဲခေါင်၊ စက်တင်ဘာ ၁၂
သက်ဆင်၏ ဖွေထိုင်းပါတီနှင့် သမီးဖြစ်သူ ပေထောင်တန်ဝန်ကြီးချုပ်ရာထူးမှ ပြုတ်ခဲ့ရမှုတွင် အဓိက ကျခဲ့သူ ကမ္ဘောဒီးယားအာဏာရှင်ခေါင်းဆောင် ဟွမ်ဆန်က သက်ဆင်သည် နိုင်ငံရေးကစားပွဲ ဒိုင်ဗင်ပြိုင်ပွဲအသွင်ဖြင့် မိမိတို့ နိုင်ငံစီးပွားရေးအား ဖိအားပေးရာမှ အဆုံး၌ ပြိုလဲပြီး ထောင်နန်းစံသွား ခဲ့ရပြီဟု စက်တင်ဘာ ၁၁ ရက်က ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာတွင် ရေးတင်ခဲ့သည်။
တစ်ချိန်က ဟွမ်ဆန်သည် သက်ဆင်အား သူငယ်ချင်းကောင်းကြီးဟု ခေါ်ဆိုလေ့ရှိသော်လည်း ပေထောင်တန်နှင့် နှစ်နိုင်ငံနယ်စပ် ပိုင်နက်အငြင်းပွားမှု တင်းမားနေချိန် ပုဂ္ဂိုလ်ရေးဆွေးနွေးမှုများအား အသံဖိုင် လူတကာရှေ့ချပြခဲ့ရာမှ ပေထောင်တန် ရာထူးမှ ထုတ်ခံရပြီး ဖွေထိုင်းဦးဆောင်တည်ထောင် ခဲ့သော ထိုင်းအစိုးရအဖွဲ့လည်း ဆင်းပေးခဲ့ရကာ သက်ဆင်လည်း ထောင်တွင်း ပြစ်ဒဏ်တစ်နှစ်ကျခံနေ ထိုင်သွားရမည်ဟု ယခုရက်ပိုင်းက အမိန့်ချမှတ်ခြင်းခံခဲ့ရသည်။
ဟွမ်ဆန်က “ နိုင်ငံရေးကစားပွဲဆိုတာ ဘာလဲ << ဒိုင်ဗင်ပြိုင်ပွဲ >> ကမ္ဘောဒီးယားစီးပွားရေးကို ဖိအားပေးခဲ့သူ သက်ဆင် ခုဘယ်ရောက်နေလဲ။ ဟွမ်ဆန်ရဲ့ ကြိုတင်ဟောကိန်း နောက်ဆုံးတော့ တစ်ကယ်မှန်ခဲ့ပြီ” ဟု ဖေ့စ်ဘုတ်တွင် ရေးတင်ခဲ့သည်။
သက်ဆင်မှာမူ လက်ရှိ ထောင်ဒဏ်တစ်နှစ်ကျခံရန် ကိုဗစ်ကွာရန်တိုင်း ၅ ရက်အား ထောင်တွင်းကျခံ နေရပြီး ပြင်ဆင်ရေးဦးစီးဌာန (အကျဉ်းဦးစီးဌာန) ဒုတိယညွှန်ကြားရေးမှူးချုပ် ရဲမှူးကြီး ချန်ကန်ဂျနာပတ်က ထောင်တွင်း သက်ဆင် မနက်စာ ကော်ဖီနှင့်ကြက်ဥ ၂ လုံးစားသလို စားစရာရှိသည်များ စားပြီး စိတ်ခွန်အားအပြည့်ဖြင့် ဖိအားကင်းစွာနေနိုင်ကြောင်း၊ ဘာသာစကားကျွမ်းကျင်မှုများကြောင့် ထောင်တွင်းပညာရေးအစီအစဉ်၌ ဘာသာစကားသင်တန်းနည်းပြ အဖြစ် သင်ကြားပေးသွားဖွယ်လည်း ရှိသည်ဟု စက်တင်ဘာ ၁၁ ရက်က ပြောကြားခဲ့သည်။
ထိုင်းထောင်တွင်း ပြစ်ဒဏ်လျှော့ပေါ့မှု စနစ်များအရ သက်ဆင်သည် ထောင်တွင်း အကောင်းမွန်ဆုံးအဆင့် နေထိုင်နိုင်ပါက လျှော့ရက်များ ကြောင့် ၆ လခန့်သာ ကျခံရဖွယ်ရှိသည်ဟု သိရသလို ယခုလို ဘာသာစကားသင်တန်းနည်းပြလုပ်ခြင်း ဖြင့် ပိုမိုလျှော့ရက်ရဖွယ်ရှိသည်ဟု ထိုင်းမီဒီယာများက ရေးသားနေကြသည်။
ကိုကလင်း
Ref: Khaosod
#MeKongNews
#သက်ဆင်
#ဟွမ်ဆန်
#ထိုင်းနိုင်ငံရေး
#ဘာသာစကားနည်းပြ








