မဲခေါင်၊ စက်တင်ဘာ ၃
အာဏာသိမ်းစစ်တပ် လက်အောက်တွင် တာဝန်ထမ်းဆောင်နေသည့် Non-CDM ကျန်းမာရေးဝန်ထမ်းများနှင့် Non-CDM အနေဖြင့် ဌာနစွန့်ခွာခဲ့သူများက CDM ဖြစ်ကြောင်း ထောက်ခံစာများကို လိမ်ညာတောင်းခံမှုများ ရှိနေကြောင်း CDM Medical Network က စက်တင်ဘာ ၂ရက်တွင် ထုတ်ပြန်ထားသည်။
ထိုသို့ CDM ထောက်ခံစာ (CDM Recommendation Letter) ပေးပါရန် လိမ်လည်တောင်းခံသူများကို စီစစ်ပြီး အမည်မည်းစာရင်းသွင်းထားကြောင်း CDM Medical Network ဆိုသည်။
CDM Medical Network သည် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီမှ အတည်ပြု ထုတ်ပြန်ထားသည့် နိုင်ငံဝန်ထမ်း CDM မူဝါဒနှင့် အညီ ၂၀၂၁ ခုနှစ် ဧပြီလ ၃၀ ရက်နေ့ မတိုင်မှီခင် CDM ဝင်ခဲ့ပြီး စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနနှင့် ပြန်လည်ဆက်သွယ်ဆောင်ရွက်ခြင်း၊ တာဝန်ပြန်လည် ထမ်းဆောင်ခဲ့ခြင်းများ လုံးဝ မလုပ်ဆောင်ခဲ့သူ စစ်မှန်သော CDM ကျန်းမာရေးဝန်ထမ်းများကိုသာ သေချာစွာ စီစစ်အတည်ပြုပြီးမှ CDM ထောက်ခံစာ ပြုလုပ်ပေးနေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လိမ်လည်တောင်းခံလာမှုများကိုလည်း Black List စာရင်းသွင်းထားပြီးဖြစ်ကာ ပြည်တွင်း ပြည်ပမှ သက်ဆိုင်ရာအဖွဲ့အစည်းများထံ အကြောင်းကြား တင်ပြကာ အရေးယူနိုင်ရန် စီစဉ်မည် ဖြစ်ကြောင်း အသိပေးထားသည်။
ထိုကြောင့် CDM ကျန်းမားရေးဝန်ထမ်း အစစ် မဟုတ်ဘဲ ထောက်ခံစာ လိမ်လည်တောင်းခံမှုများ မပြုလုပ်ကြပါရန် သတိပေးကြောင်း CDM Medical Network က ထုတ်ပြန်ထားသည်။
ဖေသန်း
#MeKongNews
#CDM
#MedicalNetwork
#ကျန်းမာရေးဝန်ထမ်း
#လိမ်လည်တောင်းခံမှု








