မဲခေါင်၊ ဩဂုတ် ၃၀
ဩဂုတ် ၂၉ ရက်တွင် ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးသည် ရန်ဘက် ကမ္ဘောဒီးယားခေါင်းဆောင် ဟွမ်ဆန်နှင့် သီးခြားတွေ့ဆုံစကားပြောဆိုမှု ပေါက်ကြားရာမှ နိုင်ငံတော် သိက္ခာကျစေမှုဖြစ်သည်ဟု ဆိုကာ ဝန်ကြီးချုပ် ပေထောင်တန်ကို ရာထူးမှ ဖြုတ်ချလိုက်ပြီးနောက် ထိုင်းအစိုးရသစ်ဖွဲ့ရေး ပါတီ များအကြား မဟာမိတ်ဖွဲ့ရေး လွန်ဆွဲမှုများ ပြင်းထန်လာခဲ့သည်။
ဝန်ကြီးချုပ် ဖြုတ်ချခံရခြင်းနှင့်အတူ လက်ရှိ အစိုးရအဖွဲ့ဝန်ကြီးများလည်း ရာထူးပျက်ပြယ်မည်ဖြစ် သောကြောင့် ဝန်ကြီးချုပ်သစ်တင်မြှောက်ရေးနှင့် အစိုးရသစ်ဖွဲ့စည်းနိုင်ရေး လွှတ်တော်တွင် မဲခွဲဆုံး ဖြတ်ကြရမည်ဖြစ်သည်။
လက်ရှိတွင် ယာယီဝန်ကြီးချုပ်အဖြစ် ခေတ္တ ဝန်ကြီးချုပ်ရာထူး ယူထားသူ ပေထောင်တန်နှင့်တစ်သားတည်းရှိသောဖွေထိုင်းပါတီမှ ဖမ်သမ်ဝီချာယာချိုင်ကို ဆက်လက်ခန့်အပ်ထားရာ ယာယီ အစိုးရအဖွဲ့သည်လည်း ဖွေထိုင်းပါတီ ဖွဲ့စည်းထားသည့် ယခင်ပုံစံအတိုင်း ရှိနေသည်။
ထိုအခြေအနေတွင် ဘမ်ဂျိုင်ထိုင်းပါတီခေါင်းဆောင် ယခင် ပြည်ထဲရေးဝန်ကြီးနှင့် နိုင်ငံ ဒုဝန်ကြီးချုပ်ရာထူးထမ်းဆောင်ခဲ့သူ အနူတင်ချန်ဗီယာကူက မိမိသည် ပေထောင်တန်နေရာတွင် ၃၂ ဆက်မြောက် ထိုင်းဝန်ကြီးချုပ်ရာထူးရယူရန် အဆိုတင်သွင်းကာ ပြီးခဲ့သည့်ရွေးကောက်ပွဲက မဲအများ ဆုံးအနိုင်ရရှိပါလျှက် ဖျက်သိမ်းခံရသည့် Move Forward Party (ယခု ပြည်သူ့ပါတီ) နှင့် မဟာမိတ်ဖွဲ့ ရန် သဘောတူခဲ့သည့်အပြင် လက်ရှိဖွေထိုင်းပါတီ လွှတ်တော်အမတ် ၁၀ ဦး၊ ပရာချာချွန်ပါတီနှင့် ကလာသမ်ပါတီတို့နှင့် မဟာမိတ်ဖွဲ့နိုင်ပြီဖြစ်ကာ လိုအပ်သည့် လွှတ်တော်မဲ ၂၈၀ ကျော် ရထားနိုင်ပြီဟု အသိပေးထုတ်ပြန်သွားခဲ့သည်။
ထိုအခြေအနေတွင် ဝန်ကြီးချုပ်အာဏာအပြည့်အ၀ရှိသည်ဆိုသော ယာယီဝန်ကြီးချုပ် ဖမ်သမ်ဝီချာယာချိုင်က ပြည်သူ့ပါတီအနေဖြင့် မြေယာကိစ္စနှင့် လွှတ်တော်အမတ်များလိမ်လည်စွပ်စွဲမှု များရှိသော ဘမ်ဂျိုင်းထိုင်းပါတီနှင့် မဟာမိတ်ဖွဲ့ပါက ပြဿနာများသာ ရှိလာမည်ဖြစ်ကာ ၎င်းတို့ အမတ်နေရာ ၂၈၀ ကျော် ရရှိထားသည်ဆိုခြင်းမှာလည်း နေ့ခင်းကြောင်တောင် အိပ်မက်နေခြင်းဖြစ် ကြောင်း၊ မိမိနှင့်လက်ရှိ ယာယီအစိုးရအဖွဲ့သည် လွှတ်တော်ကို ဖျက်သိမ်းနိုင်သည့် အခွင့်အာဏာပင် ရှိနေသည့်အတွက် ရှပ်နီနှင့် ရှပ်ဝါများအကြား ညှိနှိုင်းမဟာမိတ်ပြုခြင်းဖြင့် အစိုးရသစ်၊ ဝန်ကြီးချုပ်သစ်ရရှိနိုင်ခြင်းသည်သာ လွယ်ကူသည့် အနေအထားဟု ထုတ်ပြန်ခဲ့သည်။
ထိုင်းနိုင်ငံတော်ကောင်စီအတွင်းရေးမှူး ပါခွန်းနီပရာဖမ်ကမူ ယာယီဝန်ကြီးချုပ်အနေဖြင့် ဖမ်သမ်ပြောသလို လွှတ်တော်အားဖျက်သိမ်းခွင့်မရှိကြောင်း သတိပေးချက် ထုတ်ပြန်ချိန်တွင် ဖွေထိုင်း ပါတီကလည်း အာဏာလက်မလွှတ်ရရေး ချိုင်ကာဆမ်နီတီဆီရီကို ဝန်ကြီးချုပ်ရာထူးအတွက် အဆိုတင်သွင်းကာ ပြည်သူ့ပါတီအပြင် အဓိကအတိုက်အခံပါတီဖြစ်သော ပြည်သူ့ ဒီမိုကရက်တစ်ပါတီ၊ ပရာချာချွန်ပါတီနှင့် ကလာသမ်ပါတီတို့နှင့် မဟာမိတ်ဖွဲ့ကာ အစိုးရသစ်ဖွဲ့စည်း နိုင်ရန် ကြိုးစားလာသည်။
ဩဂုတ် ၃၀ ရက် ထုတ်ပြန်ချက်တွင် ဘန်ဂျိုင်ထိုင်းပါတီ ပြောသလို ပရာချာချွန်နှင့် ကလာသမ်ပါတီတို့သည် တရားဝင် မဟာမိတ်များအဖြစ် လက်မခံသေးကြောင်း ထုတ်ပြန်ကာ ၄ လအတွင်း အစိုးရသစ်ဖွဲ့နိုင်ရေး မဟာမိတ်ပါတီများကို အပြိုင်အဆိုင် စည်းရုံးလှုပ်ရှား နေပြီဖြစ်သည်။
ကိုကလင်း
Ref: Khaosod
#MeKongNews
#ထိုင်းနိုင်ငံ
#ဝန်ကြီးချုပ်
#ပြည်သူ့ပါတီ
#ပေထောင်တန်








