မဲခေါင်၊ ဩဂုတ် ၁၈
စပိန်နိုင်ငံ ခရီးသွားထူထပ်ရာဒေသများဖြစ်သော ဂါလီစီယာ၊ အိတ်စထရီမာဒူရာ၊ ကက်စတီလာလီယွန်နှင့် အက်စထရူးယက်စ်ဒေသများတွင် တောမီးများကြောက်မက်ဖွယ်ရာ လောင်ကျွမ်းကူးစက် နေရာ ဒေသများအတွင်း အန္တရာယ်အဆင့်မြင့် သတိပေးချက်များ ထုတ်ပြန်ထားရသည်။
ထိန်းမနိုင်သော ယင်းတောမီးကြောင့် နောက်ထပ်မီးငြိမ်းသတ်ရေးနှင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများအတွက် စစ်သားအယောက် ၅၀၀ ပင် ထပ်မံ စေလွှတ်ထားရပြီး ဂါလီစီယာဒေသတွင် လောင်ကျွမ်းမှုသည် သမိုင်း၌ အဆိုးရွားဆုံးအဖြစ် မြေယာဟက်တာ ၅၀၀၀၀ လျှင်မြန်စွာ လောင်ကျွမ်း သွားပြီးဖြစ်သည်။
အော်ရန်ဆီမြို့၌ လောင်ကျွမ်းသောမီးမှာဒေသခံများနှင့် ခရီးသွားများကို ဒုက္ခရောက်စေခဲ့ပြီး ဩဂုတ် ၁၇ ရက် ညနေခင်းမှာပင် နေရာ ၁၃ ခုကို ကျော်လွှားကူးစက်ကာ ဆက်လက်လောင်ကျွမ်းနေဆဲ ဖြစ်သည်။
ကက်စတီလာနှင့်လီယွန်ဒေသများတွင် ဩဂုတ် ၁၇ ရက်၌ လောင်ကျွမ်းနေဆဲမီးလောင်ပြင် ၂၇ ခု ရှိနေပြီး လီယွန်၊ ဇာမိုရာ၊ ဆလာမန်ကာနှင့် ပါလန်စီယာဒေသများမှ ဒေသခံ ၃၅၀၀ ကျော် နေအိမ်စွန့်ခွာတိမ်းရှောင်ခဲ့ရသည်။
လီယွန်ဒေသတွင် လောင်ကျွမ်းနေဆဲ တောမီး ၂၁ ခုရှိနေပြီး ၇ ခုမှာ အဆင့် ၂၊ ၄ ခုမှာ အဆင့် ၁ မီးလောင်မှုအဖြစ် သတ်မှတ်ထားသည်။
ကက်စထရိုပီထရီမြို့တော်တွင် နေထိုင်သူများကိုလည်း မြို့တော်ဝန်က အန္တရာယ်နီးကပ်စဖြင့် အားလုံးရွှေ့ပြောင်းနေထိုင်ကြရန် အမိန့် ထုတ်ပြန်ခဲ့ရသလို အိတ်စထရီမာဒူရာဒေသဆိုင်ရာအကြီးအကဲ မာရီယာဂွါဒီယိုလာကလည်း တောမီး အခြေအနေမှာ ထိန်းချုပ်နိုင်မှု လုံး၀မရှိသော အခြေအနေဖြစ်နေပြီဟု ထုတ်ပြန်ခဲ့သည်။
တောမီးသည် ဟွန်ဒူးရပ်စ်ဆိပ်ကမ်းနှင့် ၇ ကီလိုမီတာသာဝေးသည့် ဆလာမန်ကာနယ်စပ်ဒေသအထိ လောင်ကျွမ်းနေကာ ၆ ရက်အတွင်း ဟက်တာ ၉၀၀၀ မီးလောင်ကျွမ်းသွားခဲ့ပြီဖြစ်သည်။
ဟာဗက်စ် ဒေသရှိ ဂါဂန်တီလာတွင်လည်း ဩဂုတ် ၁၇ ရက်က Lockdown ချထားရပြီး မီးငြိမ်းသတ်ရေးနှင့် ကယ်ဆယ်ရေးအတွက် အသင်း ၁၇ သင်းဖွဲ့ကာ လုပ်ကိုင်နေကြရသည်။
ယင်းမီးကြောင့် မြို့ပေါင်း ၁၂ မြို့မှ နေထိုင်သူပေါင်း ၆၈၁ ဦးကို နေရာရွှေ့ပြောင်းခိုင်းထားရကြောင်းလည်း သိရှိရသည်။
တောမီးသည် ဥရောပတစ်လွှား ပျံ့နှံ့လောင်ကျွမ်းနေကာ ပေါ်တူဂီ၊ စပိန်၊ ဂရိ၊ ဆိုက်ပရပ်စ်၊ တူရကီ၊ အီတလီ၊ ဘူလ်ဂေးရီးယားနိုင်ငံများတွင်လည်း ပူပြင်းသော နွေရာသီအတွင်း လောင်ကျွမ်းမှုများ ဆက်တိုက်ဖြစ်ပေါ်နေသည်။
ကိုကလင်း
Ref: Thesun
#MeKongNews
#ဥရောပ
#တောမီး
#ဂါလီစီယာ
#စပိန်








