မဲခေါင်၊ ဩဂုတ် ၈
ရောမနှင့် အာရပ်ကမ္ဘာတို့ကြား အပြန်ပြန်အလှန်လှန် သိမ်းပိုက်ခဲ့ရာနယ်မြေဖြစ်သော စပိန်နိုင်ငံ၊ မာစီယာရှိ ယူမီလာမြို့တွင် အစ္စလာမ်ဘာသာဝင်များ အများပြည်သူသုံး အဆောက်အအုံများ၌ မည်သည့် ဘာသာရေးပွဲတော်အခမ်းအနားမှ ကျင်းပခွင့်မပြုဟု ပိတ်ပင်လိုက်သည်။
ယူမီလာမြို့သည် လူဦးရေ ၂၇၀၀၀ သာနေထိုင်ပြီး ၇ ဒသမ ၅ ရာခိုင်နှုန်းမှာ မွတ်စ်လင်မ်ဘာသာဝင်များ ကြီးစိုးရာနိုင်ငံများမှ ဝင်ရောက်လာကြသူများ ဖြစ်သည်။
ပြီးခဲ့သည့် တစ်လဝန်းကျင်က ယူမီလာနှင့် မိုင် ၇၀ ဝေးသော တော်ရီပါချီကိုမြို့၌ မော်ရိုကို နိုင်ငံသား ၃ ဦးက ၆၈ နှစ်အရွယ် ပင်စင်စားအမျိုးသား တစ်ဦးကို ရိုက်နှက်ခဲ့သည်မှ စတင်ကာ ဘာသာရေးအဓိကရုဏ်းအသွင်ဆောင်ပြီး ဒဏ်ရာရသူများစွာရှိခဲ့သည့် ပဋိပက္ခ ဖြစ်ပွားခဲ့သည်။
ထို့ကြောင့် ခရစ်ယာန်နှင့် မွတ်စ်လင်မ်ဘာသာဝင်များအကြား အမုန်းစကားများ ပိုမိုများပြားလာချိန် စပိန်ရှေးရိုးစွဲပါတီဖြစ်သည့် ပြည်သူ့ပါတီမှ ၎င်းတို့မြို့တွင် မည်သည့် အများပြည်သူဆိုင်ရာ အဆောက်အအုံများအတွင်း အစ္စလာမ်ဘာသာဝင်များအနေဖြင့် မည်သည့် ဘာသာရေးပွဲတော်အခမ်းအနားမှ မကျင်းပစေရန် မြို့တော်ကောင်စီထံသို့ အဆိုပြုခဲ့သည်။
စပိန်အစိုးရအပေါ် ဩဇာရှိသည့် လက်ယာစွန်းရောက် Vox ပါတီက ပြည်သူ့ပါတီကို ကျောထောက်နောက်ခံပြုကာ ယခုအဆိုတင်သွင်းရာ မြို့တော်ကောင်စီက လက်ခံထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။
စပိန်နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၆ အရ လွတ်လပ်စွာဖြင့် ယုံကြည်ရာဘာသာ ကိုးကွယ်ခွင့် ရှိသည်ဟု ပြဌာန်းထားရာ စပိန်တွင် တစ်မြို့တည်းသော အစ္စလာမ်ဘာသာရေးပွဲတော်များ ကျင်းပခွင့် ပိတ်ပင်မှုလုပ်သည့် ယူမီလာမြို့တော်ကောင်စီ ဆုံးဖြတ်ချက်အပေါ် စောင့်ကြည့်စုံစမ်းသွားမည်ဟု အစိုးရ ပြောရေးဆိုခွင့်ရှိသူက ထုတ်ပြန်ခဲ့သည်။
ယူမီလာမြို့သည် တစ်ချိန်က ရိုမန်အင်ပါယာထဲတွင်ပါဝင်ကာ ၈ ရာစုတွင် အာရပ်များ သိမ်းပိုက်ခြင်းခံခဲ့ရသော နယ်မြေဖြစ်သွားခဲ့သည်။
၁၃ ရာစုအလယ်ပိုင်းတွင် ခရစ်ယာန်ဘာသာဦးထိပ်ထားသော အယ်လ်ဖွန်ဆိုဦးဆောင်သည့်လက်အောက် ပြန်လည်ကျရောက်ကာ ဒေသခံအာရပ်စည်းမျဉ်းခံများက လွတ်လပ်စွာကိုးကွယ်ခွင့်ပြုလျှင် ဆက်အုပ်ချုပ်ခွင့်ပေးခဲ့သည်။
အယ်လ်ဖွန်ဆို သေဆုံးပြီးနောက် မင်းလုပ်အုပ်ချုပ်သည် ကက်စတီလီလက်ထက်တွင်မူ အာရပ်ကမ္ဘာစည်းမျဉ်းခံမှုအား အပြီးတိုင် ဖျက်သိမ်းလိုက်ပြီး ခရစ်ယာန်ဦးဆောင်မြို့အသွင်ပြောင်းခဲ့ရာမှ ယနေ့ ဒေသတွင်း လူမျိုးရေး၊ ဘာသာရေး တိုက်ခိုက်မှုများ ရှိနေဆဲဖြစ်သည်။
ကိုကလင်း
Ref: Thesun
#စပိန်
#အစ္စလာမ်
#ယူမီလာမြို့
#ဘာသာရေး








