မဲခေါင်၊ ဩဂုတ် ၁
ပြီးခဲ့သည့် ရက်ပိုင်းများအတွင်း တရုတ်နိုင်ငံ၊ ပေကျင်းမြို့တော်တွင် နှစ် ၁၀၀ အတွင်း အဆိုးရွားဆုံး မိုးသည်းမှုနှင့်အတူ အဆိုးရွားဆုံး ရေကြီးမှုဖြစ်ပွားရာမှ သေဆုံးသူပေါင်း ၆၀ ကျော်လာခဲ့ပြီဖြစ်ကာ သေဆုံးမှုအများဆုံးသော မီယန်းခရိုင်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင်လည်း ရေများ အခန်းအတွင်း ၆ ပေ ကျော်သည်အထိ ဝင်ရောက်ပြီး ကယ်ဆယ်မည့်သူမရှိသဖြင့် ထိုနေရာတွင်ပင် အဘိုးအဘွား အနည်းဆုံး ၃၁ ယောက် သေဆုံးခဲ့ရသည်။
ပေကျင်းမြို့ကြီးအနီးတစ်ဝိုက်တွင် လမ်းမကြီးများသည် မြစ်ချောင်းများအသွင်ဆောင်သွားကာ ၂ရက်၊ ၃ ရက်ဆက်တိုက် ရေလွှမ်းမိုးနစ်မြုပ်သွားခဲ့ရာ မြို့အလယ်အရပ် မီယန်းခရိုင်ရှိ လူပေါင်း ၇၇ ဦး နေထိုင်သော ဘိုးဘွားရိပ်သာ အဆောက်အအုံကိုလည်း ရေလွှမ်းမိုးပြီး အနည်းဆုံး ၃၁ ဦးသေဆုံးခဲ့ရ ခြင်းဖြစ်သည်။
ဇူလိုင် ၃၁ ရက်တွင် တရုတ် ကယ်ဆယ်ရေးအာဏာပိုင်အဖွဲ့များက ယင်းဘိုးဘွားရိပ် သာနေရာသည် ဘေးကင်းဇုန်တွင် ရှိနေသည်ဟု ကနဦးသိရှိထားသဖြင့် ကယ်ဆယ်ရေး အဖွဲ့များ အချိန်မီ မရောက်ခဲ့ကြောင်း ဝန်ခံခဲ့သည်။
နေထိုင်သူ ဘိုးဘွား တစ်ဝက်ကျော်မှာ အခန်းများအတွင်း ၆ ပေအမြင့်အထိ ဝင်ရောက်လာသောရေများကြောင့် ရေနစ်သေဆုံးရခြင်း ဖြစ်သည်ဟု ဆိုသည်။
ပေကျင်းအနီးအနားရှိ ဟီဘေးတွင်လည်း ရေကြီးမှုကြောင့် ၁၆ ယောက်သေဆုံးခဲ့သည်ဟု တာဝန်ရှိသူများက အတည်ပြုခဲ့သည်။ ချန်ဒီးအရပ်တွင်လည်း နောက်ထပ် ၈ ဦးသေဆုံးကာ ၁၈ ဦးပျောက်ဆုံးနေဆဲဖြစ်သည်။
ရေလွှမ်းမိုးနေရာများရှိ လမ်းများ၏ ၃၀ ရာခိုင်နှုန်းပျက်ဆီးသွားသလို ပေကျင်းတစ်မြို့တည်းရှိ ရွာပေါင်း ၁၃၀ တွင်လည်း လျှပ်စစ်မီးပြတ်တောက်နေသေးသောကြောင့် ကယ်ဆယ်ရေး အဖွဲ့ များ သွားရောက် ကယ်ဆယ်မှုလုပ်ငန်းများစွာလည်း အခက်အခဲများစွာ ကြုံနေရဆဲဖြစ်သည်။
ကိုကလင်း
Ref: Thesun
#MeKongNews
#တရုတ်နိုင်ငံ
#ပေကျင်းမြို့တော်
#ရေကြီးနစ်မြုပ်
#ဘိုးဘွားရိပ်သာ








