မဲခေါင်၊ ဇူလိုင် ၂၉
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ ဖိအားပေးတိုက်တွန်းမှုအရ ထိုင်းနှင့်ကမ္ဘောဒီးယားတို့သည် ဇူလိုင် ၂၈ ရက် ညည့်သန်းခေါင်ယံအချိန်၌ အပစ်အခတ်ရပ်စဲရန် သဘောတူနိုင်ခဲ့ပြီးနောက် ဇူလိုင် ၂၉ ရက် မနက်ပိုင်းတွင် စစ်ဘေးသင့်ခဲ့ရာ နယ်စပ်ဒေသများ၌ ပုံမှန်အတိုင်း ပြန်လည် ငြိမ်းချမ်းသွားပြီး လူ အများ ပုံမှန်သွားလာနေကြပြီဖြစ်သည်။
ငြိမ်းချမ်းရေးသဘောတူညီချက်မရမီ ဇူလိုင် ၂၈ ရက်နေ့ခင်းပိုင်းက ထိုင်းစစ်တပ်သည် F 16 လေယာဉ် များအသုံးပြုပြီး အငြင်းပွား နယ်စပ်နယ်မြေများတွင် တပ်စွဲထားသည့် ကမ္ဘောဒီးယားစစ်စခန်းများ၊ တာဝါတိုင်များကို ပစ်ခတ်တိုက်ခိုက်ကာ ဖူမခွာတောင်ထိပ်တွင် အခြေစိုက်ထားသည့် ကမ္ဘောဒီးယား စစ်စခန်းအား ဒရုန်းဖြင့် ဗုံးကြဲဖျက်ဆီးခဲ့သည့် ဗီဒီယိုမှတ်တမ်းကိုလည်း ထုတ်ပြန်ခဲ့သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ထိုင်းနှင့်ကမ္ဘောဒီးယားတို့ အပစ်အခတ်မရပ်စဲပါက သတ် မှတ်ထားသည့် သွင်းကုန်အခွန်စည်းကြပ်မှု ဆွေးနွေးခြင်းမလုပ်တော့ဟု ရာဇသံပေးခဲ့ရာ နောက်ဆုံး၌ ဇူလိုင် ၂၈ ရက်ည သန်းခေါင်တွင် နှစ်နိုင်ငံ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးလိုက်ခြင်းဖြစ်သည်။
ထို လက်မှတ်မထိုးမီ ၁၀ မိနစ်အလိုမှာပင် ထိုင်း F 16 တိုက်လေယာဉ်များဖြင့် ဖူဖိုင်၊ တမွန်သွမ်၊ တကွိုင် ဘုရားကျောင်းများအနီးမှ ကမ္ဘောဒီးယားတပ်များ အထိုင်ချခဲ့သည့် စခန်းများကို ပစ်ခတ် ဖျက်ဆီးခဲ့သည်။
သို့သော် ညည့် ၁၂ နာရီနောက်ပိုင်း ယခင် တိုက်ပွဲ များဖြစ်ပွားခဲ့ရာ ဘူရီယမ်၊ ဆာရင်၊ ဆိုင်ဆခတ်၊ ယူဘွန်ရက်ချာဌာနီဒေသများ၌ နောက်ထပ် တိုက်ပွဲ ဖြစ်ပွားခြင်းမရှိတော့ဘဲ ဇူလိုင် ၂၉ ရက် မနက်ပိုင်းတွင် ပြည်သူများ ပုံမှန်အတိုင်း နိစ္စဓူ၀ သွားလာကြ ပြီဖြစ်ကြောင်း မီဒီယာများက ဖော်ပြခဲ့ကြသည်။
ကိုကလင်း
Ref: Khaosod
#MeKongNews
#ထိုင်းနိုင်ငံ
#ကမ္ဘောဒီးယား
#နယ်စပ်စစ်ပွဲ
#အပစ်ရပ်








