မဲခေါင်၊ ဇူလိုင် ၂၇
ဇူလိုင် ၂၆ ရက်တွင် ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင်သည် ၇၆ နှစ်ပြည့်မွေးနေ့နှင့်တိုက်ဆိုင်စွာ ကမ္ဘောဒီးယားနှင့်စစ်ပွဲကြောင့် စစ်ရှောင်နေရသည့် ယူဘွန်းရက်ချာဌာနီခရိုင်သို့ သွားရောက်ကာ လှူဒါန်းအားပေးမှုများ လုပ်ဆောင်ခဲ့ရာတွင် မိမိ မိသားစုနှင့် ဟွမ်ဆန်မိသားစု ၂ ခုကြား ပြဿနာကြောင့် စစ်ဖြစ်ရခြင်းမဟုတ်ဘဲ ကျားဖြန့် နှိမ်နင်းခြင်းကြောင့်သာ စစ်ဖြစ်ခဲ့ရသည်ဟု မီဒီယာများအား ရှင်းလင်းပြောကြားခဲ့သည်။
သက်ဆင်ဆန့်ကျင်ရေး အုပ်စုများက ထိုစစ်ပွဲမှာ နှစ်ပေါင်းများစွာ ရင်းနှီးပတ်သက်ခဲ့သည့် သက်ဆင်နှင့် ဟွမ်ဆန် ၂ မိသားစုကြောင့် ဖြစ်ရသည်ဟု လှုံ့ဆော် ဝေဖန်နေကြသလို ရတ်ချာဌာနီ စစ်ဘေးရှောင်များ ထဲမှ အဖွားအိုတစ်ဦးက သက်ဆင်ရောက်လာစဉ် မိသားစု ၂ ခုကြောင့် ယခုလို စစ်ဖြစ်ရပြီး ပြည်သူများ ဒုက္ခရောက်ရသည်ဟု ထအော်ခဲ့ကြောင်း သိရသည်။
သက်ဆင်ကိုယ်တိုင် ထိုအဖြစ်ကို မြင်သိခဲ့ခြင်းမရှိသော်လည်း မီဒီယာများနှင့်သတင်းစာရှင်းလင်းပွဲ လုပ်ရာ၌ မိမိနှင့် ဟွမ်ဆန်မိသားစုအကြား မည်သည့် ပဋိပက္ခမှ မရှိခဲ့ကြောင်း၊ ဟွမ်ဆန်သည် ဇွန်ဘီ အလား နေ့စဉ် လူမှုကွန်ရက်များကို အငမ်းမရကြည့်ကာ ဒေါသထွက်လွယ်၊ သံသယဖြစ်လွယ်လွန်းသူဖြစ်ကြောင်း သက်ဆင်က ပြောသည်။
ထိုင်းဘက်မှ နိုင်ငံအား ဆိုးကျိုးပေးနေသည့် ကျားဖြန့်လုပ်ငန်းများကို နှိမ်နင်းနေရာတွင် ကမ္ဘောဒီးယားရှိ အထပ် ၂၅ ထပ်မြင့် ကျားဖြန့်အဆောက်အအုံကြီးမှ ပိုင်ရှင်များသည် ဟွမ်ဆန် မိသားစုနှင့်ပတ်သက်ကာ ငွေရှာပေးနေသူများဖြစ်သည်ကို သိရှိခဲ့သဖြင့် လွန်စွာ ဒေါသထွက်ပြီး စစ်ပွဲ ဖန်တီးခဲ့ခြင်းသာဖြစ်သည်ဟု ရှင်းလင်းပြောကြားသွားခဲ့သည်။
ကိုကလင်း
Ref: Khaosod
#MeKongNews
#သက်ဆင်
#ဟွမ်ဆန်
#ကျားဖြန့်
#နယ်စပ်စစ်ပွဲ








