မဲခေါင်၊ ဇူလိုင် ၂၃
နောင်ချိုမြို့ပေါ်ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီဟုဆိုသည့် စစ်ကောင်စီသည် ကျောက်မဲကို ထိုးစစ်ဆင်ရန်အတွက် နယ်မြေရှင်းလင်းသည့်အနေဖြင့် နောင်ချိုမြို့နယ်အတွင်းရှိ နောင်ပစ်ကျေးရွာကို လက်နက်ကြီးနှင့်ပစ်ရှင်း ရှင်းနေ၍ အနီးနားရှိ ကျေးရွာနေသူများ ထွက်ပြေးရကြောင်း ဒေသခံများထံမှ သိရသည်။
ဇူလိုင် ၂၂ ရက်နေ့ ညနေပိုင်းက နောင်ပစ်ကျေးရွာနှင့် ပင်တိန်ရွာဘက်ကို လက်နက်ကြီး ကျည်များ ကျရောက်ပေါက်ကွဲခဲ့သည့်အတွက် နောင်ပစ်နှင့်အနီးနားကျေးရွာမှ ဒေသခံ ၂၀၀ ကျော် နီးစပ်ရာသို့ ထွက်ပြေးတိမ်းရှောင်ကြရကြောင်း သိရသည်။
“တနေ့ကလည်း လက်နက်ကြီးကျလို့ ၂ ယောက်သေတယ်။ အမေနဲ့ သမီးငယ်၊ အမေက ပွဲချင်းပြီး၊ သမီးငယ်က ၉ နှစ် ခြေထောက်ပြတ်ပြီး သေရတာ” ဟု နောင်ပိန်ရောက်စစ်ရှောင်တစ်ဦးက မဲခေါင်သို့ ပြောသည်။
ဇူလိုင် ၂၀ ရက်နေ့ကလည်း နောင်ပစ်ရွာအတွင်း လက်နက်ကြီကျည်ကျသဖြင့် နောင်ချိုမြို့၊ သပြေရေရပ်ကွက်နေ စစ်ဘေးရှောင် သားအမိနှစ်ဦး သေဆုံးခဲ့ရခြင်း ဖြစ်သည်။
ကျောက်မဲမြို့နှင့် နောင်ချိုမြို့ကြားက နောင်ပိန်၊ ပင်တိန်၊ ပင်တီး စသည့်ကျေးရွာများတွင် တိုက်ပွဲကြောင့် နောင်ချိုနှင့် ကျောက်မဲမြို့မှ ထွက်ပြေးလာသည့် ဒုက္ခသည် တစ်သောင်းကျော် စစ်ဘေးတိမ်းရှောင်နေရာကနေ ယခုကဲ့သို့ စစ်ကောင်စီက လက်နက်ကြီးနှင့် ပစ်ရှင်း ရှင်းလင်းနေသည့်အတွက် လားရှိုးဘက်သို့ ထပ်မံ တိမ်းရှောင်ရကြောင်း သိရသည်။
စစ်ကောင်စီ၏ Non CDM ဝန်ထမ်းများ နောင်ချိုသို့ ပြန်ရောက်လာသလို စစ်ကြောင်းများက နောင်ချိုမြို့ အနီးတဝိုက်ကို နယ်မြေရှင်းလင်းမှုများ လုပ်နေကြောင်း၊ ပြင်ဦးလွင်-နောင်ချို ပြည်ထောင်စုလမ်းပိုင်းကို မနက် ၆ နာရီမှ ည ၆ နာရီ အချိန် သတ်မှတ်ပြီး ပြန်ဖွင့်ထားကြောင်း ခရီးသည်တင်ယာဥ်မောင်းများက ပြောသည်။
“ခရီးတော့ တိုသွားပေမယ့် လမ်းဂိတ်တွေက အရင်ကထက်ပိုလာသလို ၁၃/ ကလွဲလို့ သွားလို့မရသေးဘူး” ဟု မန္တလေးနှင့် လားရှိုးဆွဲ ခရီးသည်တင် ယာဥ်မောင်းတစ်ဦးက ပြောသည်။
စစ်ကောင်စီက TNLA ထိန်းချုပ်ရာ နောက်ထပ်တစ်မြို့ဖြစ်သည့် သီပေါမြို့ကိုလည်း ယနေ့ ဇူလိုင် ၂၃ ရက် နံနက် ၁၂ နာရီ ၅ မိနစ်တွင် ဗုံးကြဲခဲ့ပြီး ခလရ – ၂၃ အတွင်းသာ ကျရောက်ခဲ့သဖြင့် ပြည်သူအထိအခိုက်မရှိကြောင်း ပန်းတိမ်တောင်အရပ်နေသူတစ်ဦးက မဲခေါင်ကို ပြောသည်။
“စစ်တပ်က သွေးခွဲ၊ အချိန်ဆွဲ၊ ချေမှုန်းဆိုတဲ့ D သုံးလုံးဗျူဟာ Divided, Delay, and Dominate ကို ကျင့်သုံးနေတာဗျ။ အခု နောင်ချိုရလို့ အားတက်နေတုန်း မြှောက်ပေးပြီး အင်အားပြည့်နဲ့ စစ်ကြောင်းထိုးနိုင်တယ်။ ကျောက်မဲ၊ သီပေါကို လေကြောင်းက အရင်ရှင်းပြီး ခြောက်ထုတ်နေတာ၊ ခလရ၂၃ တပ်နေရာထဲကျလို့ဆိုပြီး ပြည်သူတွေ ပေါ့နေမှ မြို့ထဲချလိမ့်မယ်” ဟု စစ်တပ်အငြိမ်းစားတစ်ဦးက သုံးသပ်ပြောဆိုသည်။
ယမန်နှစ် ဇူလိုင်လ ၁၀ ရက်က TNLA သိမ်းခဲ့သည့် နောင်ချိုမြို့ကို စစ်ကောင်စီက ပြီးခဲ့သည့် ဇူလိုင် ၁၆ ရက်နေ့မှာ ပြန်လည် သိမ်းပိုက်ခဲ့ခြင်း ဖြစ်သည်။
မဟာ
#MeKongNews
#နောင်ချို
#TNLA
#နောင်ပစ်ရွာ
#လက်နက်ကြီး








