မဲခေါင်၊ ဇွန် ၂၅
ဇွန် ၂၄ ရက် ဂရင်းနစ်စံတော်ချိန် ၄ နာရီဝန်းကျင်တွင် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ၂၄ နာရီ အတွင်း အစ္စရေးနှင့် အီရန် အပစ်အခတ်ရပ်စဲရန် သဘောတူညီမှု အပြီးရလိမ့်မည်ဟု ကြေညာခဲ့ပြီး နောက် မိနစ်ပိုင်းအကြာမှာပင် အီရန်ဘက်မှ အစ္စရေးအား လူအသေအပျောက်ရှိခဲ့သည့် ဒုံးကျည်များ ဖြင့် ပစ်ခတ်တိုက်ခိုက်မှုလုပ်ဆောင်အပြီး အစ္စရေးဘက်မှလည်း တုံ့ပြန်တိုက်ခိုက်မှုများလုပ်ခဲ့ရာ မျက်နှာပျက်ခဲ့ရသော ဒေါ်နယ်ထရမ့်က မဟာမိတ်ဖြစ်သည့် အစ္စရေးကိုရော ၂ နိုင်ငံစလုံးကိုပါ သဘောတူညီချက် ချိုးဖောက်သည်ဟု ပြင်းပြင်းထန်ထန် ဝေဖန်ပြောဆိုသွားသည်။
The Hague တွင် မြောက်အတ္တလန္တိတ် သဘောတူစာချုပ် အစည်းအဝေးသို့ တက်ရောက်ရန် သွားနေစဉ် ထရမ့်က နှစ်နိုင်ငံစလုံး အပစ်ရပ်ရေးသဘောတူညီချက်ကို ချိုးဖောက်ခြင်းဖြစ်သည်ဟု အဆဲပါ ဖက်ပြီး ပြောသွားခဲ့ခြင်းဖြစ်သည်။
သို့သော် မိမိကြေညာသည့် အပစ်ရပ်သဘောတူညီချက်မှာ အကျိုးသက်ရောက်ခဲ့သည်ဟုလည်း ပြောသွားခဲ့သည်။
ထရမ့်က “နှစ်နိုင်ငံ တိုက်ပွဲက ရှည်ကြာလွန်းခဲ့သလို ကြမ်းလည်း ကြမ်းတမ်းလွန်းခဲ့တော့ သူတို့ကိုယ်တိုင် သူတို့ ဘာလုပ်နေသလဲဆိုတာတောင် မသိနိုင်ကြဘူး (အဆဲဖက်ပြောခြင်းဖြစ်)။ အီရန်ရော အစ္စရေးရော သဘောတူညီချက်ကို ချိုးဖောက်ခဲ့ကြတယ်။ အစ္စရေးဆို ဘယ်တုန်းကမှ မမြင်ဖူးတဲ့ ဗုံးကြီးတွေနဲ့ သွားကြဲခဲ့တယ်။ ဒီအတွက် ကျွန်တော် မပျော်နိုင်ပါဘူး။ ဒါပေမဲ့ အပစ်ရပ်စဲရေး သဘောတူညီချက်က ဆက်ပြီး သက်ရောက်မှုရှိခဲ့ပါတယ်။ အစ္စရေး လေယာဉ်လှိုင်းကြီးဟာ အီရန်ကို သွားပြီး ချစ်ကြည်ရေးလက်ပြမှုအဖြစ် သွားနှုတ်ဆက်တာမျိုးပါ။ ဘယ်သူတစ်ယောက်မှ နာကျင်သေ ဆုံးမှုမရှိတော့ဘဲ သူတို့အားလုံး ကိုယ့်အိမ်ကိုယ်ပြန်လာခဲ့ကြပါတယ်” ဟု ပြောသွားခဲ့သည်။
ကိုကလင်း
Ref: koreaherald
#MeKongNews
#ဒေါ်နယ်ထရမ့်
#အပစ်အခတ်ရပ်စဲရေး
#အီရန်
#အစ္စရေး








