မဲခေါင်၊ ဇွန် ၂၁
ဧပြီ ၂၂ ရက်နေ့က အငြင်းပွားနယ်စပ်ပိုင်နက်နှင့်ဆက်စပ်သော အိန္ဒိယထိန်းချုပ် ကက်ရှ်မီးယား ဒေသတွင် ဖြစ်ပွားခဲ့သော နှစ်နိုင်ငံ လေကြောင်း ပစ်ခတ်တိုက်ခိုက်မှုများ၌ သံတမန်နည်းအရသာမက ကုန်သွယ်ရေးနည်းအရပါ ကြားဝင်ပြီး ငြိမ်းချမ်းရေးရရှိစေရန် စေ့စပ်ပေးနိုင်ခဲ့သော အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ၂၀၂၆ နိုဘယ်ငြိမ်းချမ်းရေးဆု ရရှိရန် ထိုက်တန်သူဟု ဇွန် ၂၁ ရက်တွင် ပါကစ္စတန်အစိုးရက ကြေညာချက် ထုတ်ပြန်ခဲ့သည်။
နျူကလီးယားပိုင် နှစ်နိုင်ငံကြား စစ်ပွဲဖြစ်ပွားလျှင် ဒေသတွင်းမှ သန်းပေါင်းများစွာသော လူသားများ ကပ်ဘေးဆိုးဆိုက်ကပ်မည့်အရေးကို ဒေါ်နယ်ထရမ့်က ကြားဝင်စေ့စပ်ခြင်းဖြင့် မေ ၁၀ ရက်တွင် အပစ်အခတ်ရပ်စဲကြောင်း သဘောတူညီမှုရရှိနိုင်ခဲ့ခြင်းသည် နိုဘယ်ငြိမ်းချမ်းရေးဆုနှင့် ထိုက်တန် သည့် ဒေါ်နယ်ထရမ့်၏ စွမ်းဆောင်မှုဖြစ်သည်ဟု ပါကစ္စတန်အစိုးရက ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့် ဇွန် ၁၈ ရက်က အိမ်ဖြူတော်တွင် ဒေါ်နယ်ထရမ့်နှင့် ပါကစ္စတန် စစ်တပ်အကြီးအကဲ ဗိုလ်ချုပ် အာဆင်မူနီယာတို့ တွေ့ဆုံခဲ့ပြီးနောက်တွင်လည်း ပါကစ္စတန်က အိန္ဒိယနှင့် နှစ်နိုင်ငံကြား ကာလရှည်ဖြစ်ပွားနေသော ဂျမူး၊ ကက်ရှ်မီးယား အငြင်းပွားမှုပြဿနာကို ကူညီဖြေရှင်းပေးသည့် သမ္မတ ထရမ့်၏ ရိုးသားသော ကမ်းလှမ်းမှုများအတွက် အသိအမှတ်ပြုကာ အလွန်လေးစားသမှု ရှိရပါကြောင်း ပါကစ္စတန်က ထုတ်ပြန်သည်။
သို့သော် ထိုထုတ်ပြန်ချက်နှင့်တစ်ဆက်တည်း အိန္ဒိယဝန်ကြီးချုပ် မိုဒီက ပါကစ္စတန်နှင့် နှစ်နိုင်ငံကြား ပဋိပက္ခကို တတိယကြားခံနိုင်ငံ ပါဝင်ကာ အဖြေထုတ်သည့်ဖြစ်စဉ်မျိုး လက်ခံမည်မဟုတ်ဟု ပြောဆိုခဲ့သည်။
ကိုကလင်း
Ref: AA
#MeKongNews
#အိန္ဒိယ
#ပါကစ္စတန်
#ဒေါ်နယ်ထရမ့်
#နိုဘယ်ငြိမ်းချမ်းရေးဆု








