မဲခေါင်၊ ဇွန် ၁၅
ဇွန် ၁၅ ရက်တွင် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွမ်မာနက်သည် ထိုင်းနှင့် နှစ်ရှည်လများ ပိုင်ဆိုင်မှု အငြင်းပွားနေရသည့် နယ်စပ်ပိုင်နက်အတွက် The Hague ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ထံသို့ အဆုံးအဖြတ်ပေးရန် အမှုဖွင့်တင်ပြလိုက်ကြောင်း လူမှုကွန်ရက် ဖေ့စ်ဘုတ်တွင် အတည်ပြုထုတ်ပြန် သွားခဲ့သည်။
ပိုင်နက် အငြင်းပွားဒေသ ၄ ခုမှာ ကမ္ဘောဒီးယားဘက်မှ အခေါ်အားဖြင့် တာမုန်းသွမ်၊ တာမုန်းတက်ချ်၊ တာကရာဘေးနှင့် မွမ်ဘိုင် ဒေသများဖြစ်ပြီး ထိုနယ်မြေများသည် ကမ္ဘောဒီးယားနိုင်ငံ အော့ဒါမင်ချေး ခရိုင်နှင့် ပရိချ်ဗီဟီယာခရိုင်တွင်း ရှိသော နယ်မြေများဖြစ်သည်ဟု ICJ ထံ တင်ပြတောင်းဆိုခြင်းဖြစ်သည်။
ထိုင်းဘက်ကမူ တမူအန်သွမ်၊ တမူအန်တော့ချ်၊ တကွိုင်နှင့် မြတြိဂံ ဒေသ ၄ ခုမှာ မြတြိဂံခရိုင် နှင့် ဖနွမ်ဒေါင်ရက်ခရိုင်ပိုင် မိမိတို့ နယ်မြေဟု သတ်မှတ်ထားပြီး နယ်မြေအငြင်းပွားမှုပြဿနာအား နှစ်နိုင်ငံ နယ်ခြားပူးပေါင်းဆောင်ရွက်ရေး ကော်မတီချင်း ညှိနှိုင်းခြင်းဖြင့်သာ အဖြေထုတ်မည်ဖြစ် ကြောင်း၊ ICJ မှ အဆုံးအဖြတ်ပေးမှုကို လက်ခံသဘောတူစရာမရှိဟု ပြတ်သားစွာ ငြင်းဆိုထားသည်။
ထိုအငြင်းပွားမှုကြောင့် မေ ၂၈ ရက်တွင် ထိုနယ်မြေများ၌ တပ်စွဲထားသည့် နှစ်နိုင်ငံ စစ်သားများ ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ ကမ္ဘောဒီးယား စစ်သားတစ်ဦးသေဆုံးပြီးနောက် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွမ်မာနက်က နောင်မျိုးဆက်များ ယခုလို အငြင်းပွားနေရသည်မျိုး ထပ်မကြုံရစေရန် ICJ သို့ အဆုံး အဖြတ်ခံယူရေး တင်ပြခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်သွားခဲ့သည်။
လွန်ခဲ့သည့် ၆၃ နှစ် (၁၉၆၂ ခုနှစ်) က ကမ္ဘောဒီးယားသည် ထိုင်းနှင့် ယခုလို ပိုင်နက်အငြင်းပွားမှု ရှိခဲ့ သည့် ပရိဟိဗီဟီရာနယ်မြေကို ICJ ထံ တိုင်ကြားပြီး အဆုံးအဖြတ်ခံယူရာတွင် အနိုင်ရရှိသွားရာ လက်ရှိ ကမ္ဘောဒီးယားလုပ်ရပ်များသည် နိုင်ငံတကာအသိုင်းအဝိုင်းအထိ သက်ရောက်မှုတွင် ပိုမို အားသာနေစေသဖြင့် ထိုင်းမျက်နှာကို ဖြတ်ရိုက်လိုက်သည်နှင့်တူနေပြီဟုလည်း ထိုင်း Fair Party မှ နာမည်ကြီး လွှတ်တော်အမတ် ကန်ဗီးဆူအက်ဘ်ဆန်က ထုတ်ပြန်ပြောဆိုခဲ့သည်။
ကိုကလင်း
Ref:Bangkokpost
#MeKongNews
#ထိုင်းနိုင်ငံ
#ကမ္ဘောဒီယား
#နယ်မြေအငြင်းပွားမှု
#ICJ








