မဲခေါင်၊ ဇွန် ၆
ဟီရိုရှီးမားတွင်ကြဲခဲ့သည့် အမေရိကန်၏ နျူကလီးယားဗုံးထက် အဆ ၂၀၀ ပိုမိုပြင်းထန်သော တိုက်ချင်းပစ် နျူကလီးယားဒုံးကျည်ကို တရုတ်အစိုးရပိုင် CCTV မီဒီယာမှ ပထမဆုံးအကြိမ်အဖြစ် ဇွန် ၂ ရက်နေ့တွင် အသေးစိတ် ထုတ်ပြန်ပြသသွားခဲ့သည်။
ယင်းနျူကလီးယားဒုံးကျည်ကို DF-5B ဟုခေါ်တွင်ပြီး ၁၉၈၁ ခုနှစ်က စတင် တပ်တော်ဝင်သော DF-5 တိုက်ချင်းပစ်ဒုံးကျည်အား တစ်လုံးလျှင် အနည်းဆုံး နျူကလီးယားထိပ်ဖူး ၁၀ လုံး တပ်ဆင် ပစ် ခတ်နိုင်စေရန် ၂၀၁၅ ခုနှစ်၌ စတင် အဆင့်မြှင့်တီထွင်ခဲ့ကာ ယခု မည်သည့် ရည်ရွယ်ချက်ကြောင့်မသိရဘဲ အသေးစိတ် ပြင်းအားနှင့် ထုတ်လုပ်ထားပုံကိုပါ တရုတ်အစိုးရက ထုတ်ပြန် အသိပေးသွားခဲ့ခြင်း ဖြစ်သည်။
၁၉၄၅ ခုနှစ်တွင် ဟီရိုရှီးမားနှင့် နာဂါဆာကီမြို့ပေါ်သို့ အမေရိကန်ကြဲချခဲ့သည့် အနုမြူဗုံး အသုံးပြုသည့်ဖျက်အားယမ်း TNT ပါဝင်မှုသည် ၁၅ ကီလိုတန်နှင့် ၂၁ ကီလိုတန်သာရှိသော်လည်း ယခု တရုတ်၏ DF-5B နျူကလီးယားဒုံးကျည်တွင် TNT ၄ မဂ္ဂါတန် အထိ ထည့်သွင်းထားပြီး ဒုံးကျည်တစ်လုံးတည်းတွင် နျူကလီးယားထိပ်ဖူး ၁၀ လုံး တင်ဆောင်နိုင်သဖြင့် ဟီရိုရှီးမားဗုံးထက် အဆ ၂၀၀ ကျော် ဖျက်အားပြင်းထန်မည်ဟု တရုတ်ဂျာနယ်လစ် Li Zexin က လူမှုကွန်ရက် X တွင် ဖော်ပြရေးသားခဲ့သည်။
ပစ်ခတ်နိုင်သော အကွာအဝေးသည် မိုင် ၇၅၀၀ ရှိသောကြောင့် ပေကျင်းမှ လန်ဒန်သို့ရှိသည့် မိုင် ၅၀၀၀ အကွာအဝေးသာမက နယူးယောက်အထိအကွာအဝေး မိုင် ၇၀၀၀ ကို ပစ်ခတ်နိုင်သဖြင့် ဥရောပနှင့် အမေရိက ကြိုက်ရာနေရာသို့ ပစ်ခတ်နိုင်စွမ်းရှိကြောင်း၊ ပေါက်ကွဲအားပြင်းထန်လွန်းသဖြင့် ဖျက်ချရန်လည်း မလွယ်ကူကြောင်း Multiple Independently Targetable Reentry Vehicle စနစ် ဖြင့် အဆင့်မြှင့်တင်ထားခြင်းကြောင့် ဒုံးကျည်တစ်လုံးတည်းတွင် မူလ နျူကလီးယားထိပ်ဖူး ၁၀ လုံး အပြင် နောက်ထပ် နျူကလီးယားထိပ်ဖူးများစွာကို ထပ်မံတပ်ဆင်ကာ မတူညီသော ပစ်မှတ်များသို့ ခွဲပစ်နိုင်စွမ်းလည်း ရှိသည်ဟု ဆိုသည်။
DF-5B ဒုံးကျည်သည် အရှည် ၁၀၇ ပေရှိကာ ပစ်မှတ်တိကျမှု ၁၆၀၀ ပေအတွင်းရှိကြောင်းနှင့် ပစ်လွှတ်စဉ် တင်ဆောင်နနိုင်သည့် ပမာဏသည် ၁၈၃ တန်အထိ ရှိသည်ဟု ဆိုသည်။
တရုတ်အစိုးရကမူ နျူကလီးယားပရိုဂရမ်သည် တစ်ပါးသူအား တိုက်ခိုက်ရန် မရည်ရွယ်ဘဲ နိုင်ငံတော်ကာကွယ်ရန်အတွက်သာ ရည်ရွယ်ပြီး အဆင့်မြှင့်တင် ထုတ်လုပ်ထားခြင်းဖြစ်ကြောင်း မယုတ်မလွန် ထုတ်ပြန်သော်လည်း နောက်ကွယ်တွင် ကမ္ဘာကြီးအား နျူကလီးယားနည်းပညာပိုင်း၌ အသာဆုံးအခြေအနေရှိကြောင်း နမူနာ ထုတ်ပြန်ခြောက်လှန့်ခြင်းသာဖြစ်မည်ဟု သုံးသပ်နေကြသည်။
ကိုကလင်း
Ref:Thesun
#MeKongNews
#တရုတ်
#နျူကလီးယား
#တိုက်ချင်းပစ်ဒုံးကျည်
#နယူးယောက်








