မဲခေါင်၊ ဇွန် ၅
စစ်ကောင်စီ ပြန်လည်ထိန်းချုပ်ထားသည့် လားရှိူးမြို့တွင် လက်နက်ခဲယမ်း ဝယ်ရောင်းလုပ်သူ ၁၀ဦးခန့်ကို ပြီးခဲ့သည့်ရက်ပိုင်းအတွင်း စစ်ကောင်စီက ဖမ်းဆီးခဲ့ကြောင်း သိရသည်။
ယခင် MNDAA အဆက်အသွယ်ရှိသည့် ရပ်ကွက် (၉)၊ ကျွန်းတောလမ်းရှိ ခေးနင်းဘုန်းကြီးကျောင်းနှင့် မျက်နှာချင်းဆိုင် ဒေသအခေါ် ပန်းရောင် ၃ထပ်တိုက်ကို ဝင်ရောက်ရှာဖွေရာမှ လက်နက်ခဲယမ်းအချို့ကို ဖမ်းမိရာ ယင်းမှနောက်ဆက်တွဲ ဝယ်ရောင်းလုပ်သူနှင့် တရားမဝင်လက်နက် ကိုင်ဆောင်ထားသူအချို့ကို ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း အုပ်ချုပ်ရေးပိုင်းနှင့် နီးစပ်သည့် ဒေသခံသတင်းရင်းမြစ်တစ်ဦးက ပြောသည်။
“အဲဒီအိမ်ကို ဖုန်းနဲ့အဆက်အသွယ်လုပ်သူကို ခေါ်ပြီးဖမ်းတာ၊ ပြီးတော့ လားရှိုးက ထွက်တဲ့သူတွေဆီက ရထားတဲ့ လက်နက်ပုန်းကိုင်တဲ့သူတွေ ဖမ်းနေတာ၊ သတင်းတော့ အပြင်မထွက်ဘူး၊ ကြိတ်ဖမ်းနေတာ ၁၀ယောက်လောက်ရှိပြီ” ဟု ၎င်းက မဲခေါင်ကို ယနေ့ ဇွန်လ၅ရက်တွင် ပြောသည်။
ဖမ်းဆီးမိသူများကို အမှတ် ၂ ရဲစခန်းတွင် ချုပ်နှောင်ထားပြီး စစ်ဆေးမေးမြန်းနေကြောင်း သိရသည်။
လားရှိုးမြို့ကို ပြီးခဲ့သည့် ဧပြီလ ၂၂ ရက်က MNDAAထံက လွှဲပြောင်းယူပြီးနောက် စစ်ကောင်စီက ယခုလိုလက်နက်ပုန်းများကို စတင်ဖမ်းဆီးအရေးယူခြင်း ဖြစ်သည်။
မဟာ
#MeKongNews
#လားရှိုး
#လက်နက်ခဲယမ်း
#ခေးနင်းဘုန်းကြီးကျောင်း
#စစ်ကောင်စီ








