မဲခေါင်၊ မေ ၂၂
နိုင်ငံခြားခရီးသွားများ စည်ကားရာ ထိုင်းနိုင်ငံ ဘန်ကောက်ရှိ ခေါက်ဆန်လမ်းနှင့် ရမ်ဘတ်ထရီလမ်းများပေါ်တွင် ထိုင်း လူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းပြီး မေ ၂၁ ရက် ညည့်နက်သန်းခေါင်ကျော်ချိန်၌ လမ်းဘေး စျေးသည်များကို စစ်ဆေးဖမ်းဆီးရာ တူရကီနိုင်ငံသား ရေခဲမုန့်သည်အမျိုးသားတစ်ဦးအပြင် အခြားလမ်းဘေးစျေးရောင်းသည့် မြန်မာ အမျိုးသား ၇ ဦး ဖမ်းဆီးခံခဲ့ရသည်။
လူဝင်မှုကြီးကြပ်ရေး ရဲမှူးချုပ် ဖာနူမက်စ်ဘွန်ယာလက်ခ်က တရားမဝင် လုပ်သားများ လမ်းပေါ် ကျက်စားနေမှုကို စီမံချက်အဖြစ် ဖမ်းဆီးရန် အမိန့်ပေးခဲ့ရာမှ တစ်နေ့ ဘတ် ၂၀၀၀ မှ ၃၀၀၀ ကြား အမြတ်ရနေသည့် ၂၇ နှစ်အရွယ် တူရကီအမျိုးသားကို ခရီးသွားဗီဇာဖြင့် တရားမဝင်စျေးရောင်းကာ Work permit မရှိသည့်အတွက် အရေးယူရန် ဖမ်းဆီးခဲ့သလို ရိုတီ၊ ခဘက်၊ ရေခဲမုန့်၊ သစ်သီးဖျော်ရည် စသည့် အစားအသောက်များလမ်းပေါ် ရောင်းချကြသော မြန်မာအမျိုးသား ၇ ဦးလည်း ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။
ဖမ်းဆီးခံ မြန်မာစျေးသည် ၇ ဦးတွင် ၄ ဦးသည် ပတ်စ်ပို့တ်မရှိ၊ တရားမ၀င် ဝင်ရောက်လာပုံရကြောင်းနှင့် ဗီဇာသက်တမ်းကုန်နေသူများဖြစ်သောကြောင့် ချာနာဆောင်ခရမ် ရဲစခန်းသို့ ပို့ဆောင်ပြီး စစ်ဆေး အရေးယူသွားမည်ဟု သိရသည်။
စစ်ဆေးမေးမြန်းရာတွင် တူရကီရေခဲမုန့်ရောင်းသည်မှာ တစ်လရှိပြီ ဖြစ်သော တူရကီသားသည် သူဌေးငှားထားသူဖြစ်ကာ သူဌေးကမိမိအား တစ်လ ဘတ် ၅၀၀၀၀ ပေး ခိုင်းစေထားခြင်းဖြစ်သည်ဟု ထွက်ဆိုသလို မြန်မာ စျေးသည်များသည်လည်း ယင်းသူဌေးလက် အောက်မှာပင် စျေးရောင်းကြခြင်းဖြစ်သည်ဟု ထွက်ဆိုခဲ့ကြသည်။
ကိုကလင်း
Ref:Khaosod
#MeKongNews
#ဘန်ကောက်
#ခေါက်ဆန်လမ်း
#ဈေးရောင်း
#တူရကီ








