မဲခေါင်၊ မေ ၂၁
ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီး အစ်ရှက်ဒါ သည် မေ ၁၉ မှ ၂၁ ရက်အထိ တရုတ်နိုင်ငံသို့ ရောက်ရှိနေပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့် တွေ့ဆုံဆွေးနွေးနေခြင်းမှာ နှစ်နိုင်ငံ ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်ရန် အရေးဆွေးနွေးခြင်းသာဖြစ်နိုင်ကြောင်းနှင့် ထိုအစီအစဉ်သည်လည်း အိန္ဒိယနှင့် ပါကစ္စတန်တို့ ကက်ရှ်မီးယားနယ်စပ်ဒေသ အကြမ်းဖက်မှုနှင့် ဆက်စပ်ပြီး တိုက်ပွဲဖြစ်ပွားမှုမတိုင်ခင် ကတည်းက စီစဉ်ထားခြင်းဖြစ်မည်ဟု နိုင်ငံရေး သုတေသီများက သုံးသပ်နေကြသည်။
ကက်ရှ်မီးယားနယ်စပ် အိန္ဒိယထိန်းချုပ်နယ်မြေထဲ အိန္ဒိယနိုင်ငံသား ဟိန္ဒူဘာသာဝင် ၂၆ ဦးကို အစ္စလာမ် စစ်သွေးကြွများက နာမည်နှင့်ဘာသာမေးပြီး အနီးကပ် ပစ်သတ်ရာမှာ နှစ်နိုင်ငံ နယ်စပ်တွင် ၃ ရက်တိုင် ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီး အိန္ဒိယ ဖိုက်တာဂျက်လေယာဉ်များက ပါကစ္စတန် နယ်စပ်ရှိ အကြမ်းဖက်ပစ်မှတ် ၉ နေရာကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သည်။
ထိုတင်းမာမှုကြောင့် နှစ်နိုင်ငံ စစ်အင်အားကို နယ်စပ်ဒေသတွင် တိုးမြှင့်ချထားပြီး အပစ်အခတ် ရပ်စဲ ထားသော်လည်း တင်းမာမှုများ ဆက်လက်မြင့်တက်နေသည်။ ပါကစ္စတန် စစ်ဘက်အကြီးအကဲ တစ်ဦးက မေ ၂၀ ရက်တွင် နှစ်နိုင်ငံအကြား နယ်စပ်တွင် စစ်အင်အားတိုးမြှင့်ချထားမှုများကို မေလကုန် တွင် ပြန်လည်ရုပ်သိမ်းရန် သဘောတူခဲ့သည်ဟု ပြောဆိုခဲ့သည်။
သို့သော် ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီး တရုတ်သို့ သွားသည့် ၃ ရက်တာ ခရီးတွင် တရုတ်သည် ရန်ဘက် အိန္ဒိယဘက်မှ မရပ်တည်ဘဲ ပါကစ္စတန်ဘက်မှ ခိုင်မာစွာရပ်တည်ကြောင်းကို နှစ်နိုင်ငံ ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှု သဘောတူညီမှု စာချုပ်ရေး ဆွေးနွေးနေခြင်းဖြစ်သည်ဟု နိုင်ငံတကာရေးရာ ကျွမ်းကျင်သူများက သုံးသပ်နေကြသည်။
ကိုကလင်း
Ref: scmp
#MeKongNews
#ပါကစ္စတန်
#တရုတ်
#ကက်ရှ်မီးယား
#ဝမ်ယိ








