မဲခေါင်၊ မေ ၉
ထိုင်းဒုဝန်ကြီးချုပ်လည်းဖြစ် ကာကွယ်ရေးဝန်ကြီးလည်းဖြစ်သော ဖမ်သမ်ဝီချာရာချိုင်က မြန်မာဘက်ခြမ်းမှ ကျားဖြန် ဒုစရိုက်ကွန်ရက်ကို ဖြတ် ၃ ဖြတ် စနစ်ဖြင့် တိုက်ဖျက်ခြင်းမှာ ၃ လကြာချိန်၌ အောင်မြင်မှုရခဲ့သည်ဟု ထုတ်ပြန်သွားခဲ့သည်။
ဖေဖော်ဝါရီ ၅ ရက်တွင် စတင်ကာ ထိုင်းဘက်မှ မြန်မာနယ်စပ် ကျားဖြန်လုပ်ငန်းများတည်ရှိရာ နေရာ ၅ နေရာကို လျှပ်စစ်မီး၊ လောင်စာဆီနှင့် အင်တာနက်များ ဖြတ်တောက်ခဲ့ရာတွင် ချင်းရိုင်ခရိုင်၊ မယ်ဆိုင်နှင့် တာ့ခ်ခရိုင် မဲဆောက်မြို့အနီး ကျားဖြန့်လုပ်ငန်းများ လည်ပတ်မှုအရှိန် ကျဆင်းသွားပြီး ကျားဖြန့်လုပ်ငန်းများစွာ ပိတ်သိမ်းခြင်းနှင့် နေရာရွှေ့ပြောင်းသွားကြခြင်းများ ရှိခဲ့ကြောင်း၊ နယ်စပ်ဒေသတစ်လျှောက် လူမှောင်ခိုကူးခြင်းနှင့် မူးယစ်ဆေးဝါးမှောင်ခိုကူးခြင်း လုပ်ငန်းများနှင့်ပတ်သက်ပြီး ဖမ်းဆီးရမိမှုများသည်လည်း ယခင် ၃ လကထက် ၆၀ ရာခိုင်နှုန်း ပိုမို စွမ်းဆောင်နိုင်ခဲ့ကြောင်း ဖမ်သမ်က ထုတ်ပြန်ရှင်းလင်း သွားခဲ့သည်။
ထိုင်းဘက်မှ ဖြတ် ၃ ဖြတ် လုပ်ခဲ့သည့် နေရာ ၅ ခုမှာ မြ၀တီ အမှတ် (၂) ချစ်ကြည်ရေးတံတားနှင့် ဘန်ဟွေမောင်း (မယ်တော်သလေး၊ ကျောက်ခက်)၊ ဘုရားသုံးဆူမြို့၊ တာချီလိတ်ရှိ အမှတ် (၁) ချစ်ကြည်ရေးတံတားနှင့် ဘန်မူအန်းဒေအန်းရပ်များဖြစ်သည်။
ဖမ်သမ်က ဇွန်လတွင် မြန်မာဘက်ခြမ်း ကျားဖြန့်လုပ်ငန်းများတိုက်ဖျက်ရေး စီမံကိန်းအတွက် ကနဦး ဖြတ် ၃ ဖြတ် စစ်ဆင်ရေး မည်မျှအောင်မြင်ကြောင်းကို ချင့်တွက်ပြီး ထပ်မံ စီမံကိန်းရေးဆွဲဦးမည်ဖြစ်ကာ လာအိုနှင့် ကမ္ဘောဒီးယား နယ်စပ်ရှိ ကျားဖြန့်လုပ်ငန်းများကို ယခုလို ဖြတ် ၃ ဖြတ် လမ်းစဉ်ချမှတ်တိုက်ဖျက်ရန် ဆွေးနွေးမှုများ ကမူ မအောင်မြင်သေးဘဲ ရှိနေသေးသည်ဟု ပြောသွားခဲ့သည်။
ကိုကလင်း
Ref:Bangkokpost
#MeKongNews
#ထိုင်းနိုင်ငံ
#ကျားဖြန့်
#မယ်ဆိုင်
#ဖြတ်၃ဖြတ်
#လျှပ်စစ်မီး








