မဲခေါင်၊ မေ ၅
ကမ္ဘာ့သမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် ယူကရိန်း၏ ဒုံးကျည်တပ်ဆင်ထားသော နည်းပညာသစ် Sea Drone မှ ပင်လယ်နက်ပေါ်တွင် ပျံသန်းနေသည့် ပေါင် ၃၈ သန်းတန် ပူတင်၏ Su-30 စစ်ဖိုက်တာဂျက် လေယာဉ်ကို ပစ်ချနိုင်ခဲ့ကြောင်း သိရသည်။
စစ်လေယာဉ်တစ်စီးကို Sea Drone မှ ပစ်ချနိုင်ခြင်းသည် ကမ္ဘာတွင် ပထမဆုံးအကြိမ်ဖြစ်သောကြောင့် ယူကရိန်း GUR စစ်ထောက်လှမ်းရေးအေဂျင်စီက မှတ်တမ်းယူထားသည့် ဓာတ်ပုံနှင့်ရုပ်သံများ ထုတ်ပြန်ပြသပြီး အောင်ပွဲခံခဲ့ကြသလို ထိုစစ်ဆင်ရေးကို ယူကရိန်း Group 13 တပ်ဖွဲ့က မေ ၂ ရက်တွင် အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်သွားသည်။
အသုံးပြုခဲ့သော ဒုံးကျည်တပ် Sea Drone သည် Magura V5 ဖြစ်ပြီး ရုရှား၏ အဓိက ဆိပ်ကမ်းရှိရာ Novorossiysk အနီး ပင်လယ်နက်ထဲတွင် ပစ်ချခဲ့ခြင်းဖြစ်ကြောင်း၊ တိုက်ရိုက်ထိမှန်သဖြင့် ရုရှား Su-30 ဖိုက်တာဂျက်လေယာဉ်သည် မီးလောင်ပေါက်ကွဲပြီး အစိပ်စိပ်အမွာမွာဖြစ်သွားခဲ့ကြောင်း၊ ပင်လယ်တွင်းစစ်ပွဲသည် ခေတ်သစ်တစ်ခုဆီ ဝင်ရောက်လာပြီဟု ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာနကလည်း ဂုဏ်ယူစွာ ထုတ်ပြန်သွားခဲ့သည်။
လေယာဉ်ပေါ်တွင် လိုက်ပါသူ ပိုင်းလော့ ၂ ဦးစလုံးမှာမူ လေထီးဖြင့် ခုန်ထွက်ကာ အရပ်သား သင်္ဘော သားများက ကယ်တင်သဖြင့် လွတ်မြောက်ခဲ့ကြသော်လည်း လူမပါသော Sea Drone လေးကြောင့် ပူတင်အားထားရသော အဆင့်မြင့်တန်ကြေးကြီး Su-30 ဂျက်လေယာဉ်မှာမူ ပင်လယ်တွင်း အစိပ်စိပ်အမွာမွာ ကျသွားခဲ့ရသည်။ ပြီးခဲ့သည့် ဒီဇင်ဘာလကလည်း Magura V5 Sea Drone သည် ပေါင် ၁၂ သန်းတန် ရုရှား၏ M-8 ရဟတ်ယာဉ်ကို ပစ်ချနိုင်ခဲ့သေးသည်။
ကိုကလင်း
Ref:Thesun
#MeKongNews
#SeaDrone
#ပင်လယ်နက်
#ဖိုက်တာဂျက်လေယာဉ်
#ယူကရိန်း








