မဲခေါင်၊ မေ ၄
တောင်တရုတ်ပင်လယ်အတွင်းရှိ ဖိလစ်ပိုင်နှင့်နီးစပ်ရာ Sandy Cay ကျောက်တန်းကို ပြီးခဲ့သည့်တစ်ပတ်က တရုတ် ကမ်းခြေစောင့်တပ်က တရုတ်အလံတက်လွှင့်ထူကာ အချုပ်အခြာ အာဏပြိုင်နယ်မြေများ လုံခြုံရေး ရေကြောင်းထိန်းချုပ်မှု တစ်စိတ်တစ်ပိုင်းလုပ်ဆောင်ချက်ဟု တရုတ်အစိုးရပိုင် CCTV သတင်းက ထုတ်ပြန်ခဲ့ရာ ဖိလစ်ပိုင်နှင့် သူပိုင်ကိုယ်ပိုင် အငြင်းပွားမှု ဖြစ်ပွားနေချိန် မေ ၃ ရက်တွင် ဗီယက်နမ်ကပါ ထိုကျောက်တန်းသည် မိမိတို့ပိုင်နယ်မြေဖြစ်သောကြောင့် နှစ်နိုင်ငံစလုံး လေးစားသမှု ရှိကြပါဟု သံတမန်ရေးရာ ကန့်ကွက်စာ ထုတ်ပြန်ပေးပို့ခဲ့ပြန်သည်။
တရုတ်၏ ကျောက်တန်းပေါ် အလံလွှင့်ထူမှုအပြီး ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်က ထိုကျောက်တန်းသို့ သွားကာ စစ်ဆေးစဉ် မည်သည့် တရုတ်စစ်သား၊ အလံမျှ မတွေ့ဘဲ ခြိမ်းခြောက်မှု သက်သက်သာဖြစ်သည်ဟုဆိုကာ မိမိတို့ပိုင် ကျွန်းအဖြစ် နိုင်ငံတကာက အသိအမှတ်ပြုထားသည်ဟု တုံ့ပြန်ခဲ့သည်။
ဗီယက်နမ်သည် တောင်တရုတ်ပင်လယ်ကို အရှေ့ပင်လယ်ဟုသာ ခေါ်ဝေါ်ကာ Sandy Cay ကျောက်တန်းသည် တရုတ်၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ မလေးရှား စသည့် နိုင်ငံအားလုံး ကိုယ့်အပိုင်နယ်မြေအဖြစ် သတ်မှတ်နေကြသော Spratly Islands ကျွန်းစုများပေါ်တွင် တစ်ခုအပါအဝင်ဟု ဗီယက်နမ်ကဆိုသည်။
ထို့ကြောင့် တရုတ်နှင့်ဖိလစ်ပိုင်တို့သည် ဗီယက်နမ်ပိုင်သော နယ်မြေကို သူပိုင်ကိုယ်ပိုင် လုပ်နေကြမှု အပေါ် ကန့်ကွက်ကြောင်းနှင့် ဗီယက်နမ်၏ အချုပ်အခြာအာဏာပိုင်မှုကို လေးစားကြစေလိုကြောင်း၊ နိုင်ငံတကာ ဥပဒေအရ Sandy Cay ကျောက်တန်းသည် မိမိတို့အပိုင် ဖြစ်ကာ အရှေ့ပင်လယ်ဒေသ တည်ငြိမ်အေးချမ်းရေးကို အလေးထားကြရန် သံတမန်ရေးရာ အသိပေးစာများ ပေးပို့ခဲ့သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Pham Thu Hang က ထုတ်ပြန်သွားခဲ့သည်။
ဗီယက်နမ်ရှိ တရုတ်နှင့် ဖိလစ်ပိုင် သံရုံးများကမူ အဆိုပါ အသိပေးစာပေးပို့မှုနှင့်ပတ်သက်ပြီး တစ်စုံ တစ်ရာ ထုတ်ပြန်ဖြေရှင်းခြင်းမပြုသေးပေ။
ကိုကလင်း
Ref: straitstimes
#MeKongNews
#SandyCayကျောက်တန်း
#ဗီယက်နမ်
#တရုတ်
#ဖိလစ်ပိုင်








