မဲခေါင်၊ ဧပြီ ၂၅
အသက် ၁၄ နှစ်နှင့် အသက် ၁၆ နှစ်အရွယ် ၂ ဦးပါဝင်သည့် အုပ်စုဖွဲ့ကာ ဆိုင်ကယ်လိုက်လံခိုးယူနေသူ ၅ ဦးကို TNLA ထိန်းချုပ်နယ်မြေ၊ နမ့်ဆန်ခရိုင်တွင် TNLA မြို့နယ်ရဲတပ်ဖွဲ့ကဖမ်းဆီးရမိကြောင်း ဧပြီ ၂၅ ရက်နေ့လယ်ပိုင်းတွင် ထုတ်ပြန်သည်။
ဧပြီလ ၃ ရက်နေ့က မိုင်းငေါ့မြို့နယ်၊ မြို့သစ်ကျေးရွာတွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး ဖမ်းဆီးရမိသူများသည် ၂ဝ၂၄ ခုနှစ် ဒီဇင်ဘာလမှစတင်ပြီး မြို့သစ်ကျေးရွာအနီးရှိ ဒေသခံများ၏ဆိုင်ကယ်များကို ခိုးယူကာ ပြန်လည်ရောင်းချနေခြင်းဖြစ်ကြောင်း TNLA က ဆိုသည်။
နမ့်ဆန်တွင် နေရာအနှံ့၌ အုပ်စုဖွဲ့ ဆိုင်ကယ်ခိုးယူခြင်းများ ဖြစ်ပွားသည်မှာ ၂ လကျော်ကြာမြင့်နေပြီဖြစ်ပြီး လတ်တလောတွင် ငြိမ်နေကြောင်း ဒေသခံတဦးက မဲခေါင်ကိုပြောသည်။
အုပ်စုဖွဲ့ဆိုင်ကယ်ခိုးယူသူများမှာ မိုင်းကျော်သူ အသက် ၁၄ နှစ်၊ မိုင်းနေထက်လင်း အသက် ၁၆ နှစ်၊ မိုင်းမျိုးအောင် အသက် ၂၀ နှစ်၊ မိုင်းချမ်းထိုက်စံ အသက် ၂၂ နှစ်နှင့် မိုင်းအမောင် အသက် ၂၄ တို့ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
၎င်းတို့အား မြို့သစ်ကျွေးရွာဒေသခံများမှ TNLA ရဲတပ်ဖွဲ့ထံတိုင်ကြားခဲ့ပြီးနောက် TNLA နှင့် ပြည်သူပူးပေါင်းဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ၎င်းတို့နှင့်အတူ ခိုးရာပါဆိုင်ကယ် ၇ စင်းအား ဖမ်းဆီးရမိခဲ့ကြောင်း ဓာတ်ပုံနှင့်တကွ ဖော်ပြသည်။
လက်ရှိတွင် ခိုးရာပါ ဆိုင်ကယ် ၇ စင်းအား ပိုင်ရှင်များထံ TNLA ရဲတပ်ဖွဲ့မှပြန်လည်အပ်နှံထားပြီး ဖမ်းဆီးရမိသူများအား တရားဥပဒေနှင့်အညီ အရေးယူသွားမည်ဟု ဆိုသည်။
ဂနိုက်
#MeKongNews
#နမ့်ဆန်ခရိုင်
#TNLA
#ဆိုင်ကယ်ခိုးမှု
#အုပ်စုဖွဲ့ခိုးယူ








