မဲခေါင်၊ ဧပြီ ၁၉
ရှမ်းပြည်တောင်ပိုင်းတွင် လှုပ်ရှားခဲ့သည့် ၁၀၀၅ တပ်ရင်း၊ ၁၀၀၈ တပ်ရင်း၊ ရှမ်းပြည်တောင်ပိုင်း ဒေသခံတော်လှန်ရေးအင်အားစု – SSLRUနှင့် အထူးတိုက်ခိုက်ရေးဒရုန်းတပ်ဖွဲ့ -SODF(Southern Shan)တို့ပူးပေါင်းပြီး ကရင်နီအမျိုသားများကာကွယ်ရေးတပ် – KNDF အမှတ် ၉ စစ်ဗျူဟာအဖြစ် ဖွဲ့စည်းလိုက်ကြောင်း သက်ဆိုင်ရာ တပ်အသီးသီးက ယနေ့ သတင်းထုတ်ပြန်သည်။
အင်အားအလုံးအရင်းဖြင့် တစုတစည်းတည်း စစ်ရေးဖော်ဆောင်သွားမည် ဖြစ်သည့်အတွက် ရှမ်းပြည်တောင်ပိုင်းတွင် ထိထိရောက်ရောက် ထိုးဖောက်နိုင်ရန် မျှော်လင့်ထားကြောင်း အသစ်ဖွဲ့စည်းသည် SSNDF/KNDF Tactical 9 ၏ စစ်နည်းဗျူဟာမှူး ကိုဖိုးခွားက မဲခေါင်ကိုပြောသည်။
“စစ်ရေးအရွေ့ကိုတော့ အများကြီးပြောင်းလဲနိုင်ဖို့ မျှော်လင့်တယ်။ အင်အားတခုတည်းကနေ အင်အားအလုံးအရင်းနဲ့ စစ်ရေးဖော်ဆောင်နိုင်ဖို့အတွက်၊ ပြီးရင် ဒီရှမ်းတောင်ဘက်မှာရှိတဲ့ အဖွဲ့အစည်းအားလုံးသည် COC (တိုက်ရိုက်ကွပ်ကဲမှု) တခုတည်းနဲ့ စစ်ရေးဖော်ဆောင်ဖို့ ရည်ရွယ်ထားတာဖြစ်ပါတယ်”ဟု ၎င်းကဆိုသည်။
ရှမ်းပြည်တောင်ပိုင်းအမျိုးသားများ ကာကွယ်ရေးတပ် / ကရင်နီအမျိုးသားများ ကာကွယ်တပ် အမှတ် ၉ စစ်ဗျူဟာ- SSNDF/KNDF Tactical 9 အဖြစ်ဖွဲ့စည်းလိုက်ခြင်းဖြစ်ပြီး B101, B102, B103 နှင့် ဒရုန်းတပ်ဖွဲ့များအဖြစ် KNDF ၏ တိုက်ရိုက်ကွပ်ကဲမှုနှင့် စစ်ရေးလှုပ်ရှားမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ရှမ်းတောင်တော်လှန်ရေးတပ်များကို အားပေးခြင်းသည် ရှမ်းတောင်နိုင်ငံရေးကို ဝင်ရောက်စွတ်ဖက်ခြင်း မဟုတ်ကြောင်း၊ SSNDF အနေဖြင့် ပြည်သူလူထုထောက်ခံမှု ရလာသည့်အခါ ကိုယ့်လမ်းကိုယ်ဆက်လျှောက်နိုင်မည်ဖြစ်ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် ဒုစစ်ဦးစီးချုပ် မာဝီက မဲခေါင်ကိုပြောသည်။
“ရှမ်းတောင်ညီအကိုတွေကတော့ အချိန်တခုအထိ KNDF အောက်မှာနေမယ်၊ KNDF ရဲ့စည်းမျဉ်းနဲ့ ဥပဒေတွေအတိုင်းလိုက်နာဆောင်ရွက်သွားမယ်၊ တချိန်မှာ ရှမ်းတောင်ဒေသထဲ အခြေခံလူထု၊ အခြေခံဒေသရရှိလာတော့မှ သူတို့ရပ်တည်နိုင်တဲ့တနေ့ကျရင်တော့ ဆွေးနွေးဆုံးဖြတ်ချက်တွေကို မူတည်ပြီးတော့မှ ကိုယ့်လမ်းကိုယ် ဆက်လျှောက်သွားနိုင်ဖို့ ဖြစ်ပါတယ်။ အဲ့မတိုင်ခင်ကြားကာလလေးမှာ တော်လှန်ရေးအင်အားစုအချင်းချင်း အတတ်နိုင်ဆုံး ဝိုင်းဝန်းကူညီဆောင်ရွက်ကြတယ်ဆိုတဲ့အခြေအနေမျိုးကို ဖန်တီးကြတာ ဖြစ်ပါတယ်” ဟု ၎င်းကရှင်းပြသည်။
KNDF အနေဖြင့် အင်အားကြီးအစုအဖွဲ့အား လက်ခံလိုက်ရသည့်အတွက် ကုန်ကျစရိတ် ပိုမိုများပြားလာသော်လည်း တော်လှန်ရေး အောင်မြင်ဖို့ ပိုအရေးကြီးသည့်အတွက် ရှမ်းတောင်တပ်ရင်းများအား ၂ လခန့် အချိန်ယူကာ KNDF ၏ တပ်စည်းမျဉ်းများ၊ မူဝါဒများအား အသားကျရန် လေ့ကျင့်ပေးသွားမည်ဟု KNDF ဒုစစ်ဦးစီးချုပ်က မဲခေါင်ကိုပြောသည်။
KNDF တပ်များနှင့် ယခင်ကပင် မဟာမိတ်တိုက်ပွဲဝင်ခဲ့ခြင်းများ ရှိခဲ့ခြင်းကြောင့် KNDF ၏ ကွပ်ကဲမှုနှင့် စစ်ရေးလှုပ်ရှားရာတွင် စိန်ခေါ်မှုကြီးကြီးမားမားမရှိကြောင်း ရှမ်းတောင်အင်အားစုများက မဲခေါင်ကိုပြောသည်။
အမှတ် ၁၀၀၅ တပ်ရင်းနှင့် ၁၀၀၈ တပ်ရင်းတို့သည် ယခင် အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန၏ အလယ်ပိုင်းစစ်ဒေသ ၃ လက်အောက်ခံအဖြစ် ရှမ်းပြည်တောင်ပိုင်းတွင်စစ်ရေးလှုပ်ရှားခဲ့ကြပြီး ယခုနှစ် ဖေဖော်ဝါရီလအတွင်း၌ ကာကွယ်ရေးဝန်ကြီးဌာနအောက်မှ အသီးသီးနှုတ်ထွက်ခဲ့ကြသည်။
ဂနိုက်
#MeKongNews
#ရှမ်းတောင်
#KNDF
#SSNDF
#Tactical9








