မဲခေါင်၊ ဧပြီ ၁၃
ငလျင်ဘေးသင့်သည့် အင်းလေးဒေသကျေးရွာများသို့ လာရောက်လှူဒါန်းရာတွင် အလှူကိုဗန်းပြပြီး ပါတီမဲဆွယ်မှုများ မပြုလုပ်ရန် လှုပ်ရှားမှုတစ်ခုကို အင်းလေးလူထုလှုပ်ရှားမှု(စုပေါင်း) အဖွဲ့မှ ပြုလုပ်ခဲ့သည်။
၂၀၂၅ ခုနစ်၊ ဧပြီလ ၁၁ ရက်နေ့တွင် အင်းလေးဒေသသို့ အာဏာသိမ်း စစ်ခေါင်းဆောင် လာရောက်သည့်နေ့တွင် စစ်တပ်နှင့်စစ်တပ်ထောက်ခံပါတီများက အင်းလေးငလျင်ဘေး ကူညီရေးကိုအသုံးချကာ ပါတီစည်းရုံးရေး ပြုလုပ်နေခြင်းကိုတွေ့မြင်ရသည့်အတွက် ဧပြီလ၁၁ရက်က ကန့်ကွက်ဆန္ဒပြသည့် လှုပ်ရှားမှု ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ယင်းလှုပ်ရှားမှုတွင်ပါဝင်သူတစ်ဦးက ပြောသည်။
အင်းလေးဒေသကျေးရွာများသို့ ပါတီအင်္ကျီများဝတ်ပြီး မဲဆွယ်စည်းရုံးရေးစကားများ ပြောကြသူများမှာ ကြံခိုင်ရေးပါတီ၊ အင်းပါတီ၊ PPP ပါတီနှင့် မဘသအဖွဲ့များပါဝင်ကြောင်း ၎င်းကပြောသည်။
ယင်းလှုပ်ရှားမှုတွင် “ငလျင်ဒဏ်သင့်နေတာ စာနာစိတ်နဲ့ကူပါ မဲလာမဆွယ်ပါနဲ့” စာသားပါ စာရွက်များကို အများသူငှာမြင်တွေ့နိုင်သည့် လမ်းများပေါ်တွင် ကြဲဖြန့်ခြင်း၊ အလှူပစ္စည်းများ နောက်ခံထား၍ လက်ဝါးပေါ်တွင် ယင်းစာသားရေးသားခြင်း ဓာတ်ပုံကမ်ပိန်း ပြုလုပ်ခဲ့သည်ဟု သိရှိရသည်။
အာဏာသိမ်းစစ်တပ်မှ မြန်မာ့နိုင်ငံရေးတွင် တရားဝင်မှုရှိရေးအတွက် ရွေးကောက်ပွဲအား၂၀၂၅ ခုနှစ်၊ ဒီဇင် ဘာလတွင် ပြုလုပ်မည်ဟု စစ်ကောင်စီမှ ခန့်အပ်ထားသည့် ရွေးကောက်ပွဲကော်မရှင်က ကြေညာထားသည်။
#MeKongNews
#အင်းလေးဒေသ
#စစ်ကိုင်းငလျင်
#နိုင်ငံရေးပါတီ
#မဲဆွယ်လှုပ်ရှားမှု
#ကန့်ကွက်








