မဲခေါင်၊ ဧပြီ ၁၃
မတ် ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် ပြိုကျခဲ့သော ဆောက်လက်စအထပ် ၃၀ တိုက် ပျက်ပုံထဲမှ ဖုန်းမီးအလင်းဖြင့် အချက်ပြမှုကို လွန်ခဲ့သည့် ၂ ရက်က တွေ့ရှိရသော်လည်း ယင်းနေရာသို့ ဧပြီ ၁၃ ရက်၌ ကယ်ဆယ်ရေးအဖွဲ့များ ရောက်ရှိသွားရာတွင် ရှင်သန်သူမည်သူမျှ မတွေ့ရှိခဲ့ကြောင်း ဘန်ကောက်မြို့တော်ဝန် ဆစ်တီပန့်က ရှင်းလင်းပြောဆိုသွားခဲ့သည်။
ဘန်ကောက်ရှိ ယင်းတိုက်ပျက်ပုံကြီးထဲတွင် ဖုန်းမီးအချက်ပြမှုရရှိခြင်းကြောင့် ရှင်သန်နေသူ အနည်းဆုံး ၂ ယောက်ရှိနိုင်ပြီး ထိုနေရာကို X Ray စက်ဖြင့်ကြည့်ရာ လူပုံသဏ္ဍန် ၂ ခုတွေ့ရသည်ဟု လွန်ခဲ့သည့် ၂ ရက်က ကယ်ဆယ်ရေးအဖွဲ့များဘက်မှ ထုတ်ပြန်ခဲ့သည်။
ယင်းအပျက်အစီးပုံ ဇုန် (B) နေရာသို့ အားစိုက်ပြီး ဆက်လက်တူးဖော်ရာ ယနေ့တွင် ရောက်ရှိခဲ့သော်လည်း မည်သူမျှ မတွေ့ရခြင်းကြောင့် မှန်ကွဲစတစ်ခုမှ အလင်းပြန်ခြင်း ဖြစ်နိုင်သည်ဟု ဆစ်တီပန့်က ခန့်မှန်းပြောဆိုခဲ့သည်။
ယင်းတိုက်ပျက်မှ ကယ်ဆယ်မှုများဆက်လက်လုပ်ဆောင်နေရာတွင် ဧပြီ ၁၂ ရက် နောက်ဆုံး ထုတ်ပြန်မှုအရ သေဆုံးသူ ၃၂ ဦး၊ ဒဏ်ရာရ ၉ ဦးနှင့် ပျောက်ဆုံးနေဆဲ ၆၂ ဦးရှိကြောင်း သိရသည်။
ကိုကလင်း
Ref:Khaosod
#MeKongNews
#စစ်ကိုင်းငလျင်
#MyanmarEarthquake
#ဘန်ကောက်
#စာရင်းစစ်ရုံး








