မဲခေါင်၊ ဧပြီ ၁၄
ထိုင်းနိုင်ငံ၊ အယုဒ္ဓယခရိုင်၊ ဆမ်ပါအိုလွန်အရပ်၊ အမှတ် (၁) ရပ်ကွက်အတွင်း နေအိမ်တစ်လုံးထဲ၌ အသက် ၂၉ နှစ်အရွယ် သူငယ်ချင်းဖြစ်သူကို ထိုင်းလိဂ် – ၂ ဘောလုံးသမားဟောင်းက ဧပြီလ ၁၀ ရက် ညပိုင်း၌ သေနတ်ဖြင့် အချက်ပေါင်းများစွာ ပစ်သတ်ခဲ့ကြောင်း သိရသည်။
သေဆုံးသူမှာ အသက် ၂၉ နှစ်အရွယ် ချစ်စနူချာ ဆိုသူဖြစ်ပြီး ၎င်းသည်လည်း ဘောလုံးသမားဖြစ်ကာ ခေါင်း၊ လည်ပင်း၊ ရင်ဘတ်၊ လက်မောင်းနှင့် ခန္ဓာကိုယ်ထဲ ကျည်ဆံရာ ၆ ချက်တွေ့ရပြီး အနီးအနားတွင်လည်း ၉ မမ ကျည်များတွေ့ရှိခဲ့ရသည်။
စုံစမ်းမှုအရ ချစ်စနူချာနှင့် သံသယတရားခံ မက္ကတက် (၃၂ နှစ်) တို့သည် လွန်ခဲ့သည့် ၂ နှစ်ကတည်းက တစ်ကြိမ်ရန်ဖြစ်ခဲ့ဖူးသော်လည်း ခင်မင်စွာ ဆက်လက်ပေါင်းသင်းနေထိုင်ကြကြောင်း၊ မက္ကတက်၏ သူငယ်ချင်းတစ်ဦးပြောဆိုမှုအရ ချစ်စနူချာ အိမ်အတွင်း စကားများရာမှ မက္ကတက်သည် အိမ်ပြန်သွားပြီး သေနတ်ယူကာ မသေမချင်း ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း၊ နှစ်ဦးသားမှာ တစ်သင်းတည်းတွင် အတူကစားရန် မကြာသေးမီ ရက်ပိုင်းများကပင် ဆွေးနွေးခဲ့ကြကြောင်း၊ သို့သော် အသက်ပိုငယ်သည့် ချစ်စနူချာသည် မက္ကတက်အပေါ် မလေးမစား လှောင်ပြောင်၊ အရှက်ခွဲသလို စကားများ မကြာခဏပြောဆိုလေ့ရှိရာမှ မကျေနပ်မှုကို ဒေါသမထိန်းနိုင်ဘဲ သေနတ်ဖြင့် ပစ်ခတ်လိုက်ဖွယ်ရှိသည်ဟု ခန့်မှန်းပြောဆိုခဲ့သည်။
မက္ကတက်သည် အခင်းဖြစ်ရာ ချစ်စနူချာနေအိမ်တွင် ရှိမနေတော့သော်လည်း ထွက်မပြေးဘဲ မိမိနေအိမ်ပြန်နေထိုင်ပြီး ရဲတပ်ဖွဲ့က ဖမ်းဆီး စစ်ဆေးမှုများ ပြုလုပ်နေဆဲဖြစ်ကြောင်း သိရသည်။
ကိုကလင်း
Ref: matichon
#MeKongNews
#ထိုင်းဘောလုံးသမား
#စကားများ
#ပစ်သတ်
#အယုဒ္ဓယ
#၉မမ








