မဲခေါင်၊ ဧပြီ ၁၂
တရုတ်သမ္မတ ရှီကျင်းဖျင်သည် လာမည့်အပတ်မှ စတင်ပြီး အိမ်နီးချင်း အရှေ့တောင်အာရှ ၃ နိုင်ငံသို့ စတင်သွားရောက်မည်ဖြစ်ပြီး အမေရိကန်နှင့် ကုန်သွယ်ရေးစစ်ပွဲ အတင်းမာဆုံးအချိန် အိမ်နီးချင်းများနှင့် စုစည်းခိုင်မာမှု ပိုတည်ဆောက်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရှိရသည်။
ဧပြီ ၁၄ နှင့် ၁၅ ရက်များတွင် ဗီယက်နမ်၊ ဧပြီ ၁၅ မှ ၁၈ ရက်အထိ မလေးရှားနှင့် ကမ္ဘောဒီးယားနိုင်ငံ များသို့ သွားရောက်မည်ဖြစ်ကြောင်း အစိုးရပိုင် သတင်းအေဂျင်စီ ဆင်ဟွာက ဧပြီ ၁၁ ရက်သတင်း၌ ဖော်ပြသွားခဲ့ခြင်းဖြစ်သည်။
အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်သည် ကမ္ဘာတစ်ဝန်း နိုင်ငံများစွာကို သွင်းကုန်စည်းကြပ်ခွန်များ များစွာမြှင့်တင်လိုက်ပြီးနောက် တရုတ်ကို သွင်းကုန်အခွန်စည်းကြပ်မှု ၁၄၅ ရာခိုင်နှုန်းအထိ မြှင့်တင် ခဲ့သလို တရုတ်နှင့်နီးစပ်ပတ်သက်နေသည့် ကမ္ဘောဒီးယားကို ၄၉ ရာခိုင်နှုန်း၊ ဗီယက်နမ်ကို ၄၆ ရာခိုင်နှုန်းနှင့် မလေးရှားကို ၂၄ ရာခိုင်နှုန်း သွင်းကုန် အခွန်စည်းကြပ်ကြောင်း ထုတ်ပြန်ခဲ့သည်။
ထိုအခြေအနေတွင် တရုတ်သမ္မတ ရှီကျင်းဖျင်သည် အမေရိကန်ကို တုံ့ပြန်နိုင်ရန် အိမ်နီးချင်းနိုင်ငံ အားလုံးနှင့် ဘက်စုံ ပူးပေါင်းဆောင်ရွက်သွားမည်ဟု ပြီးခဲ့သည့်တစ်ပတ်က ပြောဆိုခဲ့သလို ဒေါ်နယ်ထရမ့် လုပ်ရပ်အပေါ် တန်ပြန်ရန်စီစဉ်နေသော ဥရောပသမဂ္ဂနှင့်လည်း သဘောတူဆွေးနွေးမှု များပြုလုပ်မည်ဟု ကြေညာခဲ့ကာ ယခုရက်ပိုင်းအတွင်း ဥရောပသမဂ္ဂ ကိုယ်စားလှယ်များလည်း တရုတ်သို့ လာရောက်ဆွေးနွေးကြမည်ဖြစ်သည်။
ထိုအခြေအနေတွင် ဧပြီ ၉ ရက်၌ ဒေါ်နယ်ထရမ့်က နိုင်ငံပေါင်းများစွာအပေါ် အခွန်စည်းကြပ်မှုများကို ရက် ၉၀ ဆိုင်းငံ့ပြီး ဆွေးနွေးမည်ဟု ပြန်လည်ကြေညာခဲ့ပြီးနောက် ဥရောပသမဂ္ဂကပါ တန်ပြန်အခွန်စည်းကြပ်မည့် အစီအစဉ်ကို ရက် ၉၀ ဆိုင်းငံ့ကြောင်း ပြန်လည်ကြေညာခဲ့သည်။
ထို့ကြောင့် ရှီကျင်းဖျင်သည် ၂၀၂၅ ခုနှစ်အတွင်း ပထမဆုံးအကြိမ်ပြည်ပသို့ ထွက်ခွာမှုအဖြစ် အာဆီယံ နိုင်ငံ ၃ နိုင်ငံသို့ ကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်ရေးခရီးစဉ် လာရောက်ရန် စီစဉ်ခြင်းဖြစ်ကာ ဥရောပသမဂ္ဂနှင့်ပါ ကုန်သွယ်ရေးစနစ် ပြန်လည်ဖွဲ့စည်းထူထောင်ရေး ကြိုးပမ်းပြီး အမေရိကန်ကို တန်ပြန်သွားရန် စီစဉ်နေခြင်း ဖြစ်သည်။
ကိုကလင်း
Ref:Bangkokpost
#MeKongNews
#ရှီကျင်းဖျင်
#အာဆီယံ
#ကုန်သွယ်ရေးစစ်ပွဲ
#အမေရိကန်








