မဲခေါင်၊ ဧပြီ ၁၁
ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ သိကျိတ်ကျေးရွာကို စစ်ကောင်စီက ဧပြီလ ၁၀ ရက်နေ့ ညတွင် လေကြောင်းဖြင့် ဗုံးလာရောက်ကြဲချပြီး နေအိမ် ၃ လုံး ပျက်စီးကာ ဒေသခံ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံက သိရသည်။
သိကျိတ်ကျေးရွာကို ယမန်နေ့ ဧပြီလ ၁၀ ရက် ည ၁၁ နာရီ ၄၅ မိနစ်ခန့်တွင် စစ်ကောင်စီက လေယာဥ်ဖြင့် ပေါင် ၂၀၀ ဗုံး ၂ လုံးကြဲချခဲ့သည်ဟု ဒေသခံတစ်ဦးက မဲခေါင်ကို ပြောသည်။
“ဗုံး ၂ လုံး တစ်ပြိုင်နက်ကြဲတာ၊ အိမ် ၃ လုံးပျက်တယ်။ အိမ်တစ်အိမ်က အိမ်ရှင်လင်မယားအနည်းငယ်ထိတယ်။ ဒါရွာကို ပထမဆုံးအကြိမ် ဗုံးကြဲခံရတာ၊ တိုက်ပွဲဖြစ်နေတာလည်း မဟုတ်” ဟု ၎င်းကပြောသည်။
ဗုံးကြဲခံရသည့် သိကျိတ်ကျေးရွာသည် ၂၀၂၅ ခုနှစ်၊ ဧပြီလ ၁၀ ရက်တွင်ကျရောက်သည့် ၂၅ နှစ်ပြည့် ကယန်းအမျိုးသားနေ့ ငွေရတုအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည့်ရွာဖြစ်ပြီး ကယန်းအမျိုးသားနေ့ ငွေရတုအထိမ်းအမှတ်ပွဲကို ကယန်းကျေးရွာပေါင်း ၁၀၀ ကျော်က ဒေသခံ ၁၀၀၀၀ နီးပါး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
#MeKongNews
#ကယန်းအမျိုးသားနေ့
#ဖယ်ခုံ
#ဗုံးကြဲ
#လေကြောင်းတိုက်ခိုက်မှု








