မဲခေါင်၊ ဧပြီ ၃
ဘန်ကောက်ရှိ အထပ် ၃၀ မြင့် ဆောက်လက်စ စာရင်းစစ်ရုံးပြိုကျမှုတွင် ဧပြီ ၂ ရက်ည ဒေသစံတော် ချိန် ည ၁၀ နာရီက အပျက်အစီးပုံများအတွင်း တပ်ဆင်ထားသော အသံလှိုင်းဖမ်းစနစ်ဆိုနာမှ တစ်ဆင့် အပျက်အစီးပုံများထဲမှ အချက်ပေးလှုပ်ရှားသံ ကြားရကြောင်း ယင်းနေရာတွင် ဆက်တိုက် အားသွန် ခွန်စိုက် ကူညီနေသော ဘန်ကောက်မြို့တော်ဝန် ဆစ်တီပန့်က ထုတ်ဖော်ပြောဆိုခဲ့သည်။
ဧပြီ ၃ ရက်မတိုင်ခင် ယင်းအဆောက်အအုံပျက်ကျမှု၌ သေဆုံးအလောင်း ၁၅ လောင်းရရှိခဲ့ပြီး ၇၀ ကျော်မှာ အပျက်အစီးပုံကြီး၏ အလယ်ဗဟိုအောက်ဆုံးနားတွင် စုပြုံတည်ရှိနေသည်ဟု ပုံရိပ်ဖမ်း နည်းပညာများအရ သိရှိရသည်။
ဧပြီ ၂ ရက် ည ၁၀ နာရီတွင် တချို့သောသတင်းများအဆိုအရ ငိုယိုပြီး ကယ်တင်ပေးရန် တောင်းဆိုသံများကြားရသည်ဟု ဆိုသလို အသံလှိုင်းဖမ်းစက် ဆိုနာမှ တစ်ဆင့် အပျက်အစီးပုံအတွင်းမှ လူသားအချက်ပေးသံများလည်း အမှန်တကယ်ကြားရသဖြင့် ဆက်လက် အရှိန်မြင့်ကယ်တင်သွားမည်ဟု မြို့တော်ဝန် ဆစ်တီပန့်က ရှင်းလင်းပြောကြားခဲ့သည်။
သို့သော် အသံကြားရာနေရာကို တွက်ချက်ကြည့်ရာ အပေါ်တွင် ကွန်ကရစ်ချပ်ပြားပေါင်းများစွာ ထပ်နေပြီး တန် ၆၀ ရှိသော ကွန်ကရစ်များကို အကြီးစား ကရိန်းများအသုံးပြုပြီး ရှင်းရဦးမည်ဖြစ် သည့်အတွက် အသက်ရှင်သန်သူ ရှိခဲ့လျှင်ပင် ကယ်တင်ရန် ခက်ခဲစွာကြိုးစားရဦးမည်ဟု ဆစ်တီပန့် က ဆိုသည်။
တစ်ညလုံး ကရိန်းအကြီးစားများဖြင့် ဖယ်ရှာမှုပြုလုပ်ပြီးနောက် ဧပြီ ၃ ရက် မနက်ပိုင်းတွင် ထိုင်းပြည်တွင်းနှင့် ပြည်ပမှ ကယ်ဆယ်ရေးအဖွဲ့များသည် စက်ယန္တရားများအသုံးပြုမှုကို ပြန်လည် ရပ်ဆိုင်းကာ လူသားရင်းမြစ်ကိုသာ အသုံးပြုပြီး ဆက်လက် တူးဖော်မှုများ ပြုလုပ်နေခဲ့သည်။
ကိုကလင်း
Ref:Khaosod
#MeKongNews
#MyanmarEarthquake
#ဘန်ကောက်
#စာရင်းစစ်ရုံး
#အသက်ရှင်








