မဲခေါင်၊ ဧပြီ ၃
မတ် ၂၈ ရက်နေ့က မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွင် အင်အား ၇ . ၇ ရစ်ချက်တာစကေးဖြင့် လှုပ်ခတ်သွားခဲ့သော ငလျင်ကြီးကြောင့် ထိုင်းနိုင်ငံတွင်လည်း ပြင်းထန်သည့်သက်ရောက်မှုရှိခဲ့ရာ ငလျင်ဒဏ်ခံရသည့် အထပ်မြင့်အဆောက်အအုံ ၃၃၇၅ လုံးကို စစ်ဆေးအပြီး ၃၄ လုံးသည် လူများဆက်နေရန် မသင့် တော့ဟု အဖြေထွက်ကြောင်း ပြည်သူ့ဆောက်လုပ်ရေးနှင့် မြို့ပြစီမံကိန်းဦးစီးဌာနက ဧပြီ ၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ငလျင်အပြီး နောက်ဆက်တွဲငလျင်ငယ်များရှိရာ အက်ကွဲအထပ်မြင့်အဆောက်အအုံများတွင် ဆက်လက်နေထိုင်ရန် စိုးရိမ်မှုမြင့်တက်နေကာ အက်ကွဲသံကြားသည်၊ လှုပ်ခတ်သွားသည်ဟူသည့် အထင်များကြောင့် ဘန်ကောက်ရှိပြည်သူများစွာ လမ်းပေါ် ပြေးထွက်မှုများ ရှိနေခဲ့သည်။
ထို့ကြောင့် ထိုင်းဝန်ကြီးချုပ် ပေထောာင်တန်က သက်ဆိုင်ရာတာဝန်ရှိ ဝန်ကြီးဌာနမှ သတိပေးချက် မထုတ်ပြန်လျင် စိုးရိမ်တကြီး မဖြစ်ကြရန် မှာကြားခဲ့ပြီးနောက် အများဆုံး ဘန်ကောက်ရှိ အထပ်မြင့် အဆောက်အအုံများအပါ တိုက် ၃၃၇၅ လုံးကို စစ်ဆေးခဲ့ခြင်းဖြစ်သည်။
စစ်ဆေးအပြီး ၃၄ လုံးမှာ လူနေထိုင်ရန် မသင့်တော့သည့်အဆင့်ရှိကာ ၂၁၁ လုံးသည် ပျက်စီးမှု ရှိခဲ့သော်လည်း လူနေထိုင်နိုင်သည့် အဆင့်ရှိသေးသည်ဟု ထုတ်ပြန်ခဲ့သည်။ ထိုထုတ်ပြန်မှုကို ထိုင်းပြည်သူများက ဘဝင်မကျဘဲ ၂ ရက်လောက်သာ စစ်ဆေးချိန်ရမှုအနေအထား၌ အဆင့်မြင့်တိုက် ၃၃၇၅ လုံး ကို မည်သည့်ပညာရှင်များဖြင့် မည်သို့ ချင့်တွက် စစ်ဆေးသွားသနည်းဟု မေးခွန်းထုတ်မှုများလည်း ရှိနေခဲ့သည်။
ကိုကလင်း
Ref:Khaosod
#MeKongNews
#MyanmarEarthquake
#စစ်ကိုင်းငလျင်
#ထိုင်းနိုင်ငံ
#အထပ်မြင့်








