မဲခေါင်၊ မတ် ၂၉
မြန်မာပြည်အလယ်ပိုင်း၊ မန္တလေးတိုင်းနှင့် စစ်ကိုင်းတို့အနီးကို ဗဟိုပြုပြီးလှုပ်ခတ်ခဲ့သည့် ၇ . ၇ မဂ္ဂနီကျူ့အဆင့်ရှိ အင်အားအလွန်ပြင်းထန် မြေငလျင်လှုပ်ခတ်မှုကြောင့် ပြည်သူအများအပြား သေဆုံးပြီး အဆောက်အဦပေါင်းများစွာ ပျက်စီးခဲ့သည့်အတွက် MNDAA အထူးဒေသ (၁) လားရှိုးတွင်ပြုလုပ်မည့် သကြင်္န်ပွဲအပါအဝင် ပျော်ပွဲရွှင်ပွဲအားလုံး ရပ်ဆိုင်းကြောင်း MNDAA အထူးဒေသ (၁) အုပ်ချုပ်ရေးကော်မတီကထုတ်ပြန်သည်။
အထူးဒေသ(၁)မှ အစိုးရအဖွဲ့များနှင့် ပြည်သူများသည် အင်အားပြင်းငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးသေဆုံးခဲ့သည့် ငလျင်ဘေးဒဏ်သင့်ဒေသများမှ ပြည်သူများ၏ ဒုက္ခများအတွက် လွန်စွာစိတ်မကောင်းဖြစ်ရပြီး ငလျင်ဘေးသင့်ဒေသများရှိ ပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီကယ်ဆယ်ရေးနှင့် သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“ငလျင်မတိုင်ခင်က မြို့ပေါ်ရပ်ကွက်တွေမှာ ရေကစားမဏ္ဍပ်တွေ စတင်ပြင်ဆင်နေပါပြီ။ ဗဟိုမဏ္ဍပ်အတွက်ရော၊ ရပ်ကွက်အလိုက် ယိမ်းအဖွဲ့တွေရော၊ သေချာပြင်ဆင်ထားပါတယ်။ မထင်မှတ်ဘဲ အခုလိုဖြစ်သွားတော့ ငလျင်ဒဏ်သင့်ဒေသတွေက ပြည်သူတွေနဲ့ ထပ်တူခံစားရပါတယ်” ဟု လားရှိုးမြို့ပြန်လည်ထူထောင်ရေးအဖွဲ့တာဝန်ရှိသူကိုနေဝေစိုးက မဲခေါင်ကိုပြောသည်။
MNDAA အထူးဒေသ (၁) အုပ်ချုပ်ရေးကော်မတီ၏ ထုတ်ပြန်ချက်တွင် အချက် ၆ ချက်ပါဝင်ပြီး ငလျင်ဒဏ်သင့်ဒေသများသို့ ငွေနှင့်ပစ္စည်းများ လှူဒါန်းနိုင်ရန် အထူးဒေသ(၁)အတွင်းရှိ မြို့နှင့်ခရိုင်အသီးသီးမှ အဓိကခေါင်းဆောင်တစ်ဦး ခန့်အပ်ပြီး သဘာဝဘေးကယ်ဆယ်ရေးအဖွဲ့များ ဖွဲ့စည်းရန်၊ ဒေသခံ အရပ်ဘက်တပ်ဖွဲ့များအား ကူညီထောက်ပံ့ပေးရန်၊ ငလျင်ဘေးသင့်ဒေသရှိ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ချိတ်ဆက်ကာ ကယ်ဆယ်ရေး၊ စေတနာ့ဝန်ထမ်းဝန်ဆောင်မှုများ ငလျင်ဒဏ်သင့်ဒေသများသို့ သွားရောက်ကူညီပေးရန်နှင့် ကယ်ဆယ်ရေးလုပ်ငန်းအတွက် သယ်ယူပို့ဆောင်ရေးယာဉ်များ၊ ဆက်စပ်ပစ္စည်းများနှင့် စက်ကိရိယာများ ပြင်ဆင်ရန်တို့ကိုတ ရုတ်ဘာသာဖြင့်ဖော်ပြခဲ့သည်။
နိုင်ငံအတွင်းပြည်သူများ သေဆုံးနေချိန်၊ လူနေအဆောက်အဦများ၊ ဘာသာရေးအဆောက်အဦများ ပြိုကျပျက်စီးနေချိန်တွင် အထူးဒေသ (၁) လားရှိုး၌ ပျော်ပွဲရွှင်ပွဲများ ပြုလုပ်နေပါက လူမဆန်ရာကျသည့်အတွက် ဖျက်သိမ်းလိုက်ခြင်းဖြစ်ကြောင်း၊ ငလျင်ဘေးသင့်သူများ လားရှိုးတွင် ဆေးဝါးလာရောက်ကုသပါက အခမဲ့ကုသပေးရန်ပြင်ဆင်ထားကြောင်း ကိုနေဝေစိုးကပြောသည်။
“ငလျင်ဒဏ်သင့်ပြည်သူတွေကိုပြောချင်တာကတော့ အထူးဒေသ(၁)ကပြည်သူတွေလဲ ထပ်တူဝမ်းနည်းကြေကွဲရပါတယ်။ တတ်နိုင်တဲ့အကူအညီတွေလဲ ပေးသွားဖို့ရှိပါတယ်” ဟု ၎င်းက ပြောသည်။
မတ်လ ၂၈ရက် နေ့လည်ပိုင်းတွင် စစ်ကိုင်းမြို့အနီး ဗဟိုပြုလှုပ်ခတ်သည့် ပြင်းအား ၇.၇ မဂ္ဂနီကျူ့အဆင့်ရှိ အင်အားပြင်းငလျင်ဒဏ်ကို မြန်မာတနိုင်ငံလုံးနီးပါးခံစားခဲ့ရပြီး အဆောက်အဦအများအပြား ပြိုကျပျက်စီးပြီး လူပေါင်း ထောင်နှင့်ချီ ထိခိုက်သေဆုံးခဲ့ရသည်။
ငလျင်ဗဟိုချက်ဖြစ်သည့် စစ်ကိုင်းမြို့ဝန်းကျင်အပါအဝင် ကျောက်ဆည်မြို့နယ်၊ မန္တလေးမြို့နယ်၊ ရွှေဘိုမြို့နယ်၊ နေပြည်တော်နယ်မြေ၊ ပျော်ဘွယ်မြို့နယ်၊ မိတ္ထီလာမြို့နယ်၊ တောင်ငူမြို့နယ် အစရှိသည့် မြန်မာနိုင်ငံအလယ်ပိုင်းမှ မြို့နယ်များ၊ ကလောမြို့နယ်၊ တောင်ကြီးမြို့နယ်၊ ဟိုပုံးမြို့နယ်၊ အင်းလေးဒေသ အစရှိသည့် ရှမ်းပြည်တောင်ပိုင်းရှိဒေသများ၊ ရွှေလီမြို့နယ်၊ မူဆယ်မြို့နယ် အစရှိသည့် ရှမ်းပြည်မြောက်ပိုင်းမှ ဒေသများအထိ ပျက်စီးဆုံးရှုံးမှုများခဲ့သလို လူသေဆုံးမှုများလည်း များပြားခဲ့သည်။
ပုံအညွှန်း – လားရှိုးသကြင်္န်ပွဲတော်ကျင်းပရန်မဏ္ဍပ်ဆောင်လုပ်ထားမှူအခြေအနေ
Photo – Nay Wai Soe
ဂနိုက်
#MeKongNews
#ငလျင်
#လားရှိုး
#သင်္ကြန်
#ဖျက်သိမ်း








