မဲခေါင်၊ မတ် ၂၃
ရှမ်းပြည်မြောက်ပိုင်းရှိ စစ်ကောင်စီထိန်းချုပ်ထားသည့် တရုတ်နယ်စပ်မြို့ မူဆယ်တွင် ကျားဖြန့်လုပ်ငန်းအများစုကို ပြည်သူ့စစ်များက ဦးဆောင်နေပြီး ယင်းထဲတွင် မော်ဆောင်းပြည်သူ့စစ်က ထိပ်ဆုံးမှာရှိနေသည်ဟု မူဆယ်ဒေသခံအချို့က မဲခေါင်ကိုပြောသည်။
မော်ဆောင်းရွာမှာ ၁၀၅ မိုင်နှင့် မူဆယ်ကြားရှိရွာဖြစ်ပြီး မော်ဆောင်းပြည်သူ့စစ်ခေါင်းဆောင်မှာ စိုင်းပန့် ဆိုသူဖြစ်ကာ မူဆယ်မြို့၊ စက်မူလမ်းနှင့် တောင်ရပ်ကွက်ကြား၊ စွမ်ဇော်ရပ်ကွက်တွင် အခြေပြုထားပြီး စစ်ကောင်စီ စစ်ဘက်၊ အရပ်ဘက်များနှင့် အဆင်ပြေသူဖြစ်ကြောင်း ၎င်း၏လက်အောက်ခံအဖွဲ့ဝင်တစ်ဦးနှင့်နီးစပ်သူ တစ်ဦးက ပြောသည်။
မော်ဆောင်းပြည်သူ့စစ်ခေါင်းဆောင်မှာ အဖမ်းအဆီးရှိက ကြိုသတင်းရသလို တရုတ်နိုင်ငံဘက်ရှောင် တိမ်းနိုင်စွမ်းရှိသည့် ဆက်ဆံရေးကောင်းသူဟု သိရသည်။
မော်ဆောင်းပြည်သူ့စစ် ဦးဆောင်ထားသည့် အစောင့်များရှိသည့် ကျားဖြန့်ရုံများမှာ ကောင်းမူတုံရပ်ကွက်မှ ၃ ထပ်တိုက်၊ ဟိုနားဘက် ကိုးမြို့ရှင်နတ်နန်းနှင့် ဓမ္မာရုံရှိသည့်ဘက်၌ ကားရပ်ရန်မြေအကျယ်ပါ ၃ ထပ်တိုက်၊ ၄၅ ကုန်းနှင့် ကောင်းမှုလွယ်မှ ၅ ထပ်တိုက်၊ ၆၈ ဟိုတယ်အနားတွင် အိမ်အငှားများဖြင့် ကျားဖြန့်လုပ်ငန်းများ လုပ်ကိုင်နေသည်ဟု သတင်းရင်းမြစ်များက ပြောသည်။
“အိမ်ငှားခက အဲလို တိုက်တွေက ယွမ် ၁ သိန်းအထက်ပဲ၊ တော်ရုံလူမငှားနိုင်ဘူး။ ပိုင်ရှင်တွေကလည်း ငွေရများတော့ ငှားကြတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
မူဆယ်မြို့တွင် ပြည်သူ့စစ်များကို ၁၀၂၇ ဒုတိယပိုင်းစစ်ဆင်ရေးအပြီး ပြန်လည်ဖွဲ့စည်းရာတွင် စစ်ကောင်စီလက်အောက်ခံ မြို့မပြည်သူ့စစ်ကို မူတည်၍ အခြားအဖွဲ့များက ပူးပေါင်းထားသည်ဟုသိရပြီး ယခု မော်ဆောင်းပြည်သူ့စစ်မှာ မြို့မပြည်သူ့စစ်အဖွဲ့တွင် ပါဝင်သည့် အဖွဲ့ဖြစ်ကြောင်း သိရသည်။
မကြာသေးမီက တရုတ်နိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံ၏ ရှမ်းပြည်မြောက်ပိုင်းတွင် ကျားဖြန့်ကင်းစင်ပြီဟု ပြောကြားခဲ့သည်။
မဟာ
#MeKongNews
#မော်ဆောင်း
#ပြည်သူ့စစ်
#ကျားဖြန့်
#မူဆယ်








