မဲခေါင်၊ မတ် ၂၃
ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ ဘီသူအထက်ရွာတွင် ကောက်ရလာသည့်မိုင်းကို ကိုင်တွယ်ရာက ပေါက်ကွဲသည့်အတွက် တစ်ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရကြောင်း ဒေသခံများထံက သိရသည်။
မတ်လ ၂၂ ရက် နံနက်ပိုင်းက ဖယ်ခုံမြို့နယ်၊ ဘီသူ အထက်ရွာမှ နေအိမ်တစ်လုံးတွင် မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ဖခင်ဖြစ်သူသေဆုံးပြီး ကလေး ၃ ဦး ဒဏ်ရာများရခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“ရွာအပြင်က ကလေးကောက်လာတာကို အဖေက ကိုင်တွယ်ရာက ဖြစ်တာတဲ့။ အဖေက အိမ်ထဲမှာသေတယ်။ ကျောဘက်ထိတဲ့ကလေးက စိုးရိမ်ရတယ်။ ဆေးတော့ကုပေးနေကြတယ်” ဟု ၎င်းက ပြောသည်။
မိုင်းပေါက်ကွဲမှုကြောင့် သေဆုံးသူမှာ အသက် ၃၅ နှစ်အရွယ် ဦးအေဖရယ် (ခ) ဆိုးဒဲ ဆိုသူဖြစ်ပြီး ဒဏ်ရာရသူများမှာ ၁၂ နှစ်နှင့် ၁၀ နှစ်အရွယ် သား ၂ ဦး၊ ၅ နှစ်အရွယ် သမီးတစ်ဦး တို့ဖြစ်ကြောင်း သိရသည်။
“မိုင်းပညာပေး စာရွက်တွေ ဖြန့်ဝေတာ ရှိပါတယ်။ တချို့လည်း မဖတ်ကြဘူး။ မိုင်းမှန်း မသိတာလည်း ပါတယ်” ဟု ရွာခံတစ်ဦးက ပြောသည်။
ဖယ်ခုံမြို့နယ်ရှိ ရွာများ၊ စစ်ရှောင်စခန်းများတွင် မိုင်းအန္တရာယ်ပညာပေးမှုများ မကြာခဏ ပြုလုပ်နေသလို အသိပညာပေး လက်ကမ်းစာစောင်များ မကြာခဏဖြန့်ဝေပေးမှုများ ရှိနေပြီး တွေ့ရှိပါက မကိုင်တွယ်ရန် အထူးသတိပေးနေကြောင်း သိရသည်။
မဟာ
#MeKongNews
#မိုင်းပေါက်ကွဲ
#ဖယ်ခုံ
#သေဆုံး
#ကလေးငယ်








