မဲခေါင်၊ မတ် ၁၂
တာချီလိတ်မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအများစုတွင် ရပ်/ကျေးအုပ်ချုပ်ရေးမှူးအသစ်များ ထွေအုပ်သဘောဖြင့် စိတ်တိုင်းကျပြောင်းလဲခန့်ထားရန် ပြင်ဆင်နေပြီး ယင်းထဲတွင် အများပြည်သူ မကြိုက်နှစ်သက်သူများနှင့် အများယုံကြည်စိတ်ချရမှု မရှိသူများ အများအပြားပါဝင်နေကြောင်း ဒေသခံများထံမှ သိရသည်။
တာချီလိတ်မြို့ပေါ် ၁၁ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၇ စုတို့တွင် ရပ်/ကျေးအုပ်ချုပ်ရေးမှူး အပြောင်းအလဲပြုလုပ်မည်ဖြစ်ပြီး ယခင်ကဲ့သို့ ရပ်ကွက်နေပြည်သူများ မဲပေးရွေးချယ်သည့် စနစ်ဖြင့်မဟုတ်ဘဲ ထွေအုပ်မှ တိုက်ရိုက်ရွေးချယ်ခန့်ထားခြင်းဖြစ်ကြောင်း၊ ယင်းထဲတွင် ရပ်ကွက်နေပြည်သူများ လက်မခံနိုင်သူ အများအပြားပါနေခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
“ဝိန်းကျောက်မှာဆို ဦးအေးမောင်ဆိုတဲ့သူကို လျာထားတယ်လို့ သိရတယ်။ သူ့ကိုဆိုရင် ရပ်ကွက်ထဲကလူတွေက လုံးဝမကြိုက်ဘူး။ လက်ရှိမှာလည်း ရာအိမ်မှူးလုပ်နေတာ၊ အာခါဈေးဘက်မှာနေတယ်။ ရပ်ကွက်ထဲလူတွေက သူ့ကို လုံးဝ မဖြစ်စေချင်ဘူး” လို့ သူက ပြောပါတယ်။
ဝိန်းကျောက်ရပ်ကွက်အတွင်း ရှမ်းလူမျိုးအများစု နေထိုင်သောကြောင့် ရှမ်းလူမျိုးတစ်ဦးဦးကိုသာ ရပ်ကွက်အုပ်ချုပ်ရေးမှူး ခန့်ထားသည်က သင့်တော်ကြောင်း၊ အာခါလူမျိုးအများစုနေထိုင်သည့် လွယ်တော်ခမ်းကျေးရွာအုပ်စုတွင်လည်း ကြံ့ခိုင်ရေးပါတီဝင် ဗမာလူမျိုးတစ်ဦးကို အုပ်ချုပ်ရေးမှူးခန့်ရန် သတင်းထွက်နေပြီး ယင်းသို့ခန့်ထားခြင်းမှာ မသင့်တော်ကြောင်း ဒေသခံများက ပြောသည်။
ထို့အပြင် အသစ်ခန့်မည့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများထဲတွင် ကြံ့ခိုင်ရေးပါတီဝင် အများစုပါဝင်နေခြင်းမှာလည်း ဝေဖန်စရာဖြစ်ကြောင်း၊ တာချီလိတ်မှာ တိုင်းရင်းသားအများစုနေထိုင်သည့် ဒေသဖြစ်သည့်အတွက် ယခင်ကဲ့သို့ အများဆန္ဒဖြင့် ရွေးချယ်ခြင်းကသာ သင့်တော်ကြောင်း ဒေသအရေး နားလည်သူတစ်ဦးက ပြောသည်။
“အခုက ဖက်ဒရယ်ကိုသွားမယ်ဆိုတာ အားလုံးကပြောနေကြတယ်။ ဒီလိုနေရာမှာ အောက်ခြေအဆင့်မှာတောင် သက်ဆိုင်ရာလူမျိုး၊ တိုင်းရင်းသားကို နေရာမပေးဘူး၊ ဗမာအများစုနဲ့ ကြံ့ခိုင်ရေးပါတီဝင်တွေကိုပဲ ခန့်မယ်ဆိုရင် ဒါက ဘယ်လိုမှ အဆင်မပြေဘူး။ ဗမာလူမျိုးကြီးဝါဒလို့ အစွပ်စွဲခံရတာဟာ ဒီလိုကိစ္စတွေကြောင့်ပဲဖြစ်တယ်” ဟု ၎င်းကပြောသည်။
လက်ရှိ မဲခေါင်သတင်းဌာနမှ စုံစမ်းသိရသမျှ စာရင်းမှာ ဝမ်ကောင်းရပ်ကွက်တွင် ယခင်အုပ်ချုပ်ရေးမှူဟောင်း ဦးခင်မောင်လွင်ကို ပြန်လည်ရွေးချယ်မည်ဖြစ်ပြီး ၎င်းမှာ လက်ရှိ တာချီလိတ်ခရိုင်ကြံ့ခိုင်ရေးပါတီဥက္ကဌ ဦးဘိုစံ၏ မိတ်ဆွေဖြစ်ကြောင်း၊ ဆန်ဆိုင်း (က)နှင့် (ခ) ရပ်ကွက်တို့တွင် ရှမ်းလူမျိုး အုပ်ချုပ်ရေးမှူးဟောင်းများကို ပြန်လည်ခန့်ထားမည်ဖြစ်ကြောင်း၊ ဝိန်းကျောက်ရပ်ကွက်တွင် ဦးအေးမောင်ဆိုသူကို လျာထားကြောင်း၊ လွယ်စီတုံကျေးရွာအုပ်စုတွင် ကြံ့ခိုင်ရေးပါတီဝင် ဗမာလူမျိုးတစ်ဦးကို ခန့်အပ်မည်ဖြစ်ကြောင်း၊ မကာဟိုခမ်းရပ်ကွက်တွင် ယခင်ရာအိမ်မှူးဟောင်းတစ်ဦးကို ခန့်အပ်ရန် ရည်ရွယ်ထားကြောင်း၊ ဝမ်လုံးကျေးရွာအုပ်စုတွင်လည်း အပြောင်းအလဲ ပြုလုပ်မည်ဖြစ်ကြောင်း၊ မယ်ခေါင်ရပ်ကွက်၊ ဟောင်လိတ်ရပ်ကွက်၊ တာလော့ရပ်ကွက်နှင့် ပါဆတ်ရပ်ကွက်တို့တွင်မူ အပြောင်းအလဲမရှိကြောင်း သိရသည်။
ဇော်မြင့်
#MeKongNews
#တာချီလိတ်
#ရပ်ကွက်အုပ်ချုပ်ရေးမှူး
#ဝိန်းကျောက်
#ပြည်သူမကြိုက်








